နေပြည်တော်  ၆  ဖေဖော်ဝါရီ

 

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်ခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)ရှိ လောကနတ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

 

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ ၃၁လမ်းနှင့် ၃၂ လမ်းကြားရှိ အမှတ်(၆၀၄/၆၀၈) အဆောက်အဦကို လာမည့် ဧပြီလ၊ ပထမပတ်အတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားရန် လျာထားပါကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပသွားမည် ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက်အား စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းစသည့်ပညာရပ်များကို အလွယ်တကူလေ့လာနိုင်မည့် ပြည်သူအကျိုးပြု ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ်စနစ်များပါဝင်သော နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)