ညောင်ဦး ၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် ပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ် ကုက္ကိုချောင်းရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်း ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကုက္ကိုချောင်းရပ်ကွက်ရှိ ရာအိမ်မှူးများနှင့် ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်မီးများ အသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန်အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျ အသုံးပြုသွားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်နေပြည်သူများအား ဆွေးနွေးမှာကြားပြီး နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


