ကလေး ၆ ဖေဖော်ဝါရီ
ကလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သည် ပင်မယာဉ်ရပ်နားစခန်းအတွင်းရှိ စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များရောင်းချမှု ရှိမရှိ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သွားရောက်စစ်ဆေးရာတွင် စားသောက်ဆိုင်များအတွင်းရှိ ကုန်ကြမ်းပစ္စည်းများ ထားသိုသုံးစွဲမှု အခြေအနေများ၊ စားဖိုဆောင်များ၊ ပန်ကန်ဆေးစင်များ၊ အသား/ငါးများထည့်သွင်း အသုံးပြုသည့် ရေခဲသေတ္တာများ၊ မီးဖိုများ၊ ရေစိုးမြောင်းများ၊ Toilet များ ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် ရေခဲသေတ္တာအတွင်း ထည့်သွင်းရောင်းချနေသော ဖျော်ရည်ဗူးများ၊ ရေသန့်ဗူးများနှင့် အသား/ငါးများ ရောနှောမထားရန်၊ မီးဖိုချောင်အတွင်း အသုံးပြုသည့် အသီးအရွက်စိမ်းနှင့် အသုံးအဆောင်များအား စနစ်တကျဖုံးအုပ်ထားကြရန်၊ အမှိုက်စွန့်ပစ်ပုံးများအား အဖုံးပါရှိသည့် ခြေနင်းအမှိုက်ပုံးများ စနစ်တကျအသုံးပြုကြရန်၊ ဟင်းချက်များ ထည့်သွင်းရောင်းချသည့် မှန်ကောင်တာများအား တံခါးတပ်ဆင် အသုံးပြုကြရန်၊ ပန်းကန်များအား ဖုံးအုပ်ထားကြရန်၊ ရေဆိုးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဂရုပြုကြရန်နှင့် အသီးအရွက်များ၊ ပန်းကန်များအား ပြောင်စင်အောင် ဆေးကြော၍ စနစ်တကျထားသို အသုံးပြုရန်လိုအပ်ကြောင်းများနှင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ပညာပေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သိမ့်သိမ့် (ကလေး)


