နေပြည်တော် ၆ ဖေဖော်ဝါရီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်လိုက်နာရန်အချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါဟောပြောပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီး Ms. Rashan Yesbulatova အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာဇက်စတန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ သရက်သီးနှင့် အခြားသစ်သီး၀လံများအပါအဝင် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများအား ကာဇက်စတန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်တင်ပို့ ရောင်းချနိုင်မည့်ထုတ်ကုန်များ ဖော်ထုတ်သွားနိုင်ရေးအတွက် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပြီး စီးပွားရေးဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ Business Matching များပြုလုပ်သွားနိုင်ရေးနှင့် ကုန်စည်ပြပွဲများ အပြန်အလှန်ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


