မန္တလေး ၆  ဖေဖော်ဝါရီ

 

အကြိမ် (၇၀) မြောက် မန္တလေး မဟာမုနိဘုရားကြီး အသုံးအဆောင်ပစ္စည်းများမှ ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းကို နှစ်စဉ်တပို့တွဲလတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးလေကင်းတဲ့အချိန် အလေအလွင့်မရှိအောင် နှစ်စဉ်တပို့တွဲလမှာ စတင်လုပ်ကိုင်ကြောင်း၊ ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းတွင် အဆင့်များစွာရှိပြီး အဓိကအဆင့်အနေဖြင့် ၄ ဆင့်ရှိကြောင်း၊ ရွှေမိုက်စက္ကူတွေကို မီးရှို့ပြာချသည့် လုပ်ငန်းစတင်ပြီး ဆင့်ဆင့်လုပ်ဆောင်ရပြီး နောက်ဆုံးအဆင့် ရွှေထုတ်ယူသည့် အဆင့်ဖြစ်ကြောင်းနှင့် အဆိုပါအဆင့်အထိ တစ်လခွဲခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ဘိုးဘွားအစဉ်အဆက် ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းအား တာ၀န်ယူဆောင်ရွက်နေသူ မိုက်သူကြီး ဦးအောင်မိုးက ပြောကြားသည်။

 

ရွှေသင်္ကန်းကပ်လှူသည့်နေရာကနေ တစ်နှစ်တာလုံး စုဆောင်းရရှိသည့် ရွှေလှောင်စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပုဝါ၊ မျက်နှာကြက်တော် လှည်းကျင်းသည့် နေရာကနေရရှိသည့် ရွှေမှုန့်များ၊ ပလ္လင်တော်အောက် လှည်းကျင်းသည့်နေရာများမှ ရရှိသောမြေမှုန့်များ၊ ခြေသုတ်၀တ်များကနေ ရွှေမိုက်ထုတ်ယူခြင်းဖြစ်ပြီး သန့်စင်ပြီး ရွှေရရှိသည့်အဆင့်အထိ မိုက်သူကြီးဦးဆောင်မှုနှင့် အလုပ်သမား ၁၀ ဦး ခန့် ပါ၀င်လုပ်ကိုင်ရကြောင်း သိရသည်။

 

ရွှေမိုက်ထုတ်ယူခြင်းမှ ရရှိလာသော ရွှေများကို မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ တာ၀န်ရှိသူတွေရှေ့တွင် ချိန်တွယ်သိမ်းဆည်းသွားမည်ဖြစ်ပြီး ဘုရားကြီး ဘက်စုံမွမ်းမံရေး လုပ်ငန်းတွေမှာ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 

မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ မှစတင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်တွင် ရွှေပိဿာချိန် ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်တွင် ရွှေပိဿာချိန် ၇ ပိဿာခန့်၊၂၀၁၈ ခုနှစ်တွင် ရွှေပိဿာချိန် ၁၆ ပိဿာကျော်၊ ၂၀၁၉ ခုနှစ်တွင် ရွှေပိဿာချိန် ၇ ပိဿာကျော် ထွက်ရှိခဲ့ကြောင်း မိုက်သူကြီး ဦးအောင်မိုးထံမှ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)