ပင်လည်ဘူး ၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် မိုင်းတုံးတာကြီးနှင့် မိုင်းတုံးတာလေးကျေးရွာကြားတွင် ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားဖူးမှပြန်လာသော လူ၂၁ ဦးပါ ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပင်လည်ဘူးမြို့နယ် မိုင်းတုံးတာကြီးကျေးရွာနှင့် မိုင်းတုံးတာလေးကျေးရွာကြားတွင် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးဉာဏ်ဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မှသက်ဆိုင်ရာ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဇလုံတောင်မှ ဘုရားဖူးပြန်လာသော ယာဉ်မောင်း မောင်ဌေး ၃၂နှစ် မောင်းနှင်လာသော ခဲရောင်ယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ပြုတ်ကျသွားခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာကြသော လူ ၂၁ ဦးအနက် ဒေါ်ကြည်စိန်၊ ဒေါ်သန်းခင်၊ ဒေါ်မပြေး၊ ဒေါ်မြင့်ရီ၊ ဒေါ်စိန်မြ၊ ဒေါ်အုန်းမြနှင့် ဒေါ်ခင်ညွန့်တို့ ၇ ဦးမှာအခင်းဖြစ်နေရာတွင်သေဆုံးပြီး၊ ကိုခင်မောင်ဌေး၊ ဒေါ်အေးရွှေ၊ မခင်မာလွင်၊ ဒေါ်မြင့်စိန်၊ ဒေါ်ခင်ဝင်း၊ မသူဇာလွင်၊ မခင်ဌေးလင်း၊ မလင်းဇာဦး၊ ဒေါ်မကော့၊ ဒေါ်ခင်မေကြည်၊ ဒေါ်ခင်အေး၊ ဒေါ်မညို၊ တို့ ၁၂ ဦးမှာ ပြင်းထန် ပွန်းပဲ့နာကျင်ဒဏ်ရာများ အသီးသီး ရရှိသွားသဖြင့် ပင်လည်ဘူးပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ကုသလျက်ရှိပြီး မောင်အောင်ဖူးလွင်၊ မောင်ဇွဲနိုင်ထွန်းတို့ ၂ ဦးမှာ ဒဏ်ရာထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့လျော့စွာ မောင်းနှင်သော မောင်ဌေးအား ပင်လည်ဘူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


