နေပြည်တော် ၆ ဖေဖော်ဝါရီ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက ရှမ်းရိုးရာ ကိန္နရီ ကိန္နရာအကဖြင့် ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာတောင်ကြီးမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် လာရောက်စဉ်တွင် ယခုကဲ့သို့ တွေ့ဆုံအမှာစကားပြောကြားခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးရပြီးချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတမှာ ရှမ်းပြည်နယ်မှ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း၊ ယင်းကို တာဝန်ရှိသူအားလုံးအနေဖြင့် အလေးအနက် သတိပြုကြစေလိုပါကြောင်း၊ တောင်တန်းမြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီအခွင့်အရေးများ ရရှိစေရန် ပင်လုံစာချုပ်တွင်ပါရှိပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်မည်ဟု မူဝါဒထားရှိပါကြောင်း။
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်းအားဖြင့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး တန်းတူညီမျှသည့် အခွင့်အရေးများရရှိကြမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစသည်တို့တွင် တရားမျှတသည့်အခွင့်အရေးများ ရှိပါကြောင်း၊ ထို့အတူတိုင်းရင်းသားများ အားလုံး အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရညီမျှမှုများ ရှိရမည်ဖြစ်ပါကြောင်း။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်တွင် ပါဝင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီတရားမျှတသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းမှာဒီမိုကရေစီ၏ အခြေခံအခွင့်အရေးဖြစ်ပါကြောင်း၊ ဒီမိုကရေစီအခွင့်အရေးရှိမှ လူ့အခွင့်အရေးခံစားခွင့်ရရှိမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ်ပါကြောင်း၊ ထို့အတူ လူ့အခွင့်အရေး ချိုးဖောက်ခံရလျှင် ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပြီး တရားဥပဒေမဲ့လာမည်ဖြစ်ပါကြောင်း၊ အလားတူတရားဥပဒေစိုးမိုးမှု မရှိပါက လူ့အခွင့်အရေးချိုးဖောက်ခံရမည်ဖြစ်ပြီး ဒီမိုကရေစီအခွင့်အရေးလည်း ဆိတ်သုဉ်းသွားမည်ဖြစ်ပါကြောင်း၊ ယင်း ၃ ခုမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်နေပါကြောင်း၊ ထို့ကြောင့် မဏ္ဍိုင်ကြီး ၃ ရပ်တွင် တာဝန်ထမ်းဆောင်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အထူးဂရုစိုက်စေလိုပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်သည့်ကာလတွင် နိုင်ငံတော်၏မူဝါဒကို အတိအကျ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားများ၏ အခက်အခဲကို ဦးစားပေး ဖြေရှင်းပေးစေလိုပါကြောင်း။
တိုင်းရင်းသားများအားလုံး ဒီမိုကရေစီအခွင့်အရေးရရှိပြီဆိုလျှင် သံသယများ၊ စိတ်ဝမ်းကွဲပြားမှုများ တစ်ဖြည်းဖြည်း လျော့နည်းပပျောက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ လျော့နည်းပပျောက်လာမှသာလျှင် မိမိတို့ လိုလားတောင်းတနေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိုရရှိမည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကွဲပြားမှုများကို ပြည်ထောင်စု၏ အလှတရားအဖြစ် ခံယူ၍ အတွေးအခေါ်၊ အယူအဆကွဲပြားမှုများကို ညှိနှိုင်းပေါင်းစပ်ပြီး အင်အားအဖြစ် စုစည်းနိုင်မည်ဆိုပါက မိမိတို့၏ ပြည်ထောင်စုကြီးသည် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းရန်၊ ခေတ်နှင့်အညီမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုစုပျိုးထောင်နိုင်ရန် အားပေးနေပါကြောင်း။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ်သည် နိုင်ငံတော်၏ မူဝါဒဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာအောင် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်ပါကြောင်း၊ မဏ္ဍိုင်ကြီး ၃ ရပ်တွင် တာဝန်ထမ်းဆောင်နေကြသူများသည် တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ဖက်များမဟုတ်ပါကြောင်း၊ မိတ်ဖက် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြပါကြောင်း။
မိမိပြည်နယ်၊ မိမိဒေသအတွက် အကျိုးရှိမည်ဆိုပါကမည်သူ၏ အတွေးအခေါ်၊ အယူအဆ၊ သဘောထားဖြစ်ဖြစ် ကောင်းမွန်ပါက လက်ခံရမည်ဖြစ်ပါကြောင်း၊ မတူညီသည့် အယူအဆ၊ ကွဲပြားနေသည့် သဘောထားများကို ညှိနှိုင်းပေါင်းစပ်ပြီး မိမိပြည်နယ်၊ မိမိဒေသအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် မူဝါဒချမှတ်ထားပါကြောင်း၊ အားလုံး ဖွံ့ဖြိုးတိုးတက်မှအားလုံး တည်ငြိမ်အေးချမ်းမည်ဖြစ်ပါကြောင်း။
ဥပဒေပြုရေးအပိုင်းတွင် မိမိတို့ပြည်နယ်နှင့် ဆီလျော်သည့်ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆီလျော်ညီညွတ်မှုရှိသည့် ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်း များဆောင်ရွက်ရာတွင်လည်း လွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အတိုင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
တရားစီရင်ရေးအပိုင်းတွင်လည်း လွတ်လပ်သည့် တရားစီရင်ခွင့် ပေးအပ်ထားပါကြောင်း၊ တရားစီရင်ရေးအပိုင်းကို အုပ်ချုပ်ရေးအပိုင်းနှင့် ဥပဒေပြုရေးအပိုင်းတို့က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် လိုအပ်ပါကြောင်း၊ အပြန်အလှန်စောင့်ကြည့် ထိန်းကျောင်းခြင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဝန်ထမ်းများအနေဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် မိမိကိုယ်မိမိမည်မျှပြောင်းလဲနိုင်သည်ကို ပြန်လည်ဆန်းစစ်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများအားလုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်မှ ဒီမိုကရေစီ တည်တံ့မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီတည်တံ့ခိုင်မြဲမှ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး ပြီးမြောက်အောင်မြင်အောင် မိမိတို့အားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းမေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေအထောက်အကူပြုအဖွဲ့ဝင်များ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ပအိုဝ်း”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် “ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် မြို့မိ မြို့ဖများတက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်များဖြင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိကြရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စီမံကိန်းရှုရပ်၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေကို စီမံကိန်းပုံစံငယ်ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စီမံကိန်းရှုရပ်မှနေ၍ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စီမံကိန်းရှင်းလင်းဆောင်၌ ကျိုင်းတောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုင်ရာ အဓိကအချက်အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှုလျာထားချက်နှင့် အမှန်ထုတ်လုပ်နိုင်မှု၊ ကျိုင်းတောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံမှ ပတ်ဝန်းကျင်မြို့၊ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးထားရှိမှုအခြေအနေ၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း၏ရည်ရွယ်ချက်၊ စီမံကိန်းဖြစ်ပေါ်လာပုံ၊ စီမံကိန်းဖြစ်မြောက် နိုင်စွမ်းလေ့လာခဲ့မှုအခြေအနေ၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေ၊ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းကြီးများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရာတွင် ဒေသခံများအတွက် ဦးစားပေးဆောင်ရွက်ပေးရန်၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ ဘဏ္ဍာငွေအလေအလွင့် မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းရေထိန်းတံခါးပြွန် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုသည်။
ဆက်လက်၍ ရေသွယ်ဥမင်လှိုဏ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကာ လိုဏ်တူးစက်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုကိုကြည့်ရှု၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဝန်ထမ်းများအတွက် သစ်သီးခြင်းလက်ဆောင်ပေးအပ်သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ စူဠာမုနိလောက ချမ်းသာစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေ ကျပ်ငါးသိန်းကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
(သတင်းစဉ်)