နေပြည်တော်  ၆  ဖေဖော်ဝါရီ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ 2019-nCoV Acute Respiratory Diseases နှင့်ပတ်သက်၍ ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်အရ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု အဖြစ် လူနာများနှင့်လူနာစောင့်များအား ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ အပါအဝင် အခြားကူးစက်ရောဂါများနှင့်စပ်လျဉ်း၍ ကျန်းမာရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀ဝ)၌ ကျင်းပသည်။

ပညာပေးဟောပြောပွဲတွင် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ Mask အသုံးပြုမှုနည်းလမ်းများနှင့် စနစ်တကျ လက်ဆေး ခြင်းဆိုင်ရာ ဗီဒီယို ကိုပြသပြီး နေပြည်တော်ဗဟိုအဆင့်ဆေးရုံများ ကွပ်ကဲရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့၌ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအပါအဝင် အခြားကူးစက် ရောဂါများကို ထိရောက်စွာကာကွယ်ပေးနိုင်သည့် နည်းလမ်းများကို လည်းကောင်း၊ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး၊ ဆေးရုံအုပ် ဒေါက်တာဇင်နွယ်အောင်၊ လက်ထောက် ဆရာဝန် ဒေါက်တာငြိမ်းချမ်းအောင်၊ သူနာပြုအုပ် ဒေါ်တိုးတိုးဝင်းနှင့် ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးစိန်လွင်တို့က ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအပါအဝင် အခြားကူးစက် ရောဂါများနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ကာကွယ်ခြင်းနည်းလမ်းများ၊ လူနာနှင့် လူနာစောင့်များ လိုက်နာရမည့်စည်းကမ်းများကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀ဝ)တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါအပါအဝင် အခြားကူးစက်ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေး ဟောပြောပွဲကို တစ်ပတ်တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိပြီး ဝန်ထမ်း၊ လူနာနှင့် လူနာစောင့်များအနေဖြင့် ရောဂါကြိုတင်ကာကွယ်ရေး အလေ့အကျင့်များဖြစ်သော ပါးစပ်နှင့် နှာခေါင်း ကို ကာ၍ နှာချေချောင်းဆိုးခြင်း၊ နှာချေချောင်းဆိုးပြီးချိန်၊ ရောဂါပိုးရှိသူများအား ကိုင်တွယ် ပြီးချိန်၊ အများသုံးအရာဝတ္ထုပစ္စည်းများ ထိတွေ့ပြီးချိန်တွင် လက်ဆေးခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ရန် အသိပေးခြင်း၊ ပြည်သူလူထု သိရှိလိုက်နာစေရေး အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် 2019 CoronaVirus ဖြစ်ပွားမှု၊ သေဆုံးမှုနှင့်စပ်လျဉ်း၍ ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် 2019 CoronaVirus Information Corner ထားရှိထုတ်ပြန်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် အဆိုပါဆေးရုံတွင် ဖျားနာ၊ ချောင်းဆိုး၊ နှာစေး လူနာများရောက်ရှိလာပါက စမ်းသပ်စစ်ဆေးသည့် Fever Corner နှင့် သံသယလူနာများတွေ့ရှိပါက ရောဂါကူး ဆက်ပြန့်ပွားမှု မရှိစေရေး၊ စောင့်ကြည့်ခြင်း၊ လိုအပ်သောစစ်ဆေးမှုနှင့် ကုသမှုများ ခံယူနိုင်ရန်အတွက် သီးခြားလူနာခန်း(Isolation Ward) ကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။ 

(သတင်းစဉ်)