ရန်ကုန် ၆ ဖေဖော်ဝါရီ
၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်အသင်းသည် ယခင်ရေးဆွဲထားသည့် ပွဲစဉ်အရ အဝေးကွင်းကစားရမည် ဖြစ်သော်လည်း ကွင်းပြောင်းလဲကာ အိမ်ကွင်းစတင်ကစားရမည် ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဖေဖော်ဝါရီလ တစ်လလုံး အားကစားပြိုင်ပွဲများ လက်ခံကျင်းပခြင်းမရှိသောကြောင့် AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ဗီယက်နမ်ကလပ် အသင်းများ၏ အိမ်ကွင်းပွဲများအား ပြောင်းလဲပေးရန် တင်ပြခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ်က အိမ်ကွင်းနှင့် အဝေးကွင်းပြောင်းလဲကာ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ဟိုချီမင်းစီးတီး (ဗီယက်နမ်) နှင့် ရန်ကုန် (မြန်မာ) အသင်းတို့ပွဲကို အိမ်ကွင်းပြောင်းလဲကာ ရန်ကုန်အသင်း၏ အိမ်ကွင်းပွဲအဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။
ဟိုချီမင်းစီးတီးအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲကိုမူ ဧပြီ ၂၉ ရက်တွင် ဟိုချီမင်းမြို့၌ ကျင်းပမည် ဖြစ်သည်။ ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားပြီး အာဆီယံဇုန်တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၉ ရာသီ ပြည်တွင်းလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသော်လည်း ရှုံးထွက်ချန်ပီယံ ရန်ကုန်အသင်းမှာမူ ခြေစစ်ပွဲကစားပြီးမှ တက်ရောက်လာခြင်းဖြစ်သည်။ ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး အုပ်စု (F) တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)၊ ရန်ကုန် (မြန်မာ)၊ အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ ရှမ်းယူနိုက်တက် (မြန်မာ) နှင့် မာကာဆာ (အင်ဒိုနီးရှား) တို့ ပါဝင်နေသည်။ AFC Cup ပြိုင်ပွဲ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ မေ ၁၃ ရက် အထိ ကျင်းပမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းသည် အိမ်ကွင်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အပြောင်းအလဲကြောင့် နှစ်သင်းစလုံး အဖွင့်ပွဲများကို အိမ်ကွင်းကစားရမည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အသင်းနှင့် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ကာယာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ညနေ ၃ နာရီခွဲတွင် စတင်မည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွှန့်