ဖားဆောင်း ၆ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၊ မြို့အဝင် မြောက်ပိုင်းရပ်ကွက်၌ တည်ထားကိုးကွယ်လျက်ရှိသော ရတနာဈာန်အောင် စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖားဆောင်းမြို့၊ ရတနာဈာန်အောင် စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာအခမ်းအနားသို့ ဆရာတော်၊ သံဃာတော်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူများနှင့် ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဆရာတော် အရှင်သူမြတ်များထံမှ (၉) ပါးသီလအား ခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ထီးတော်ဘုံအဆင့်ဆင့်နှင့် ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်း၊ ပရိတ်ရေတို့ကို ဥပသကာများက ဆရာတော်များအား ဆက်ကပ်ခြင်း၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ အတူကွနာယူခြင်း၊ ဥပသကာများက ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများအား စေတီတော်၏ ဝတ္တကနေရာများ၌ သွားရောက်ပက်ဖျန်း ချည်နှောင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော အကြီးအကဲများနှင့် ဘုရားဒါယကာများက ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် (၃) ပတ် ပတ်၍ ပူဇော်ပြီး မင်္ဂလာရထားပျံရှိရာ ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် အကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရွှေထီးတော်တင်လှူ ပူဇော်မည့် စေတီတော်ငြမ်းထက်သို့ ရောက်ရှိပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော် ဘုံအဆင့်ဆင့်အား အစီအစဉ်များအတိုင်း တင်လှူပူဇော်ခဲ့ပါသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များမှ “ဇယန္တော ဗောဓိယမူလေ” အစရှိသော အောင်ဂါထာတော်ကို ရွတ်ဆိုပူဇော်ခဲ့ပြီး ရတနာစိန်ဖူးတော်အား တင်လှူပြီးနောက် ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါသည်။
ဒုတိယပိုင်းအစီအစဉ်အနေဖြင့် "နမောတဿ" သုံးကြိမ်ရွတ်ဆို ကန်တော့၍ မဟာအခမ်းအနားအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဆရာတော် အရှင်သူမြတ်ထံမှ ပရိတ်သတ်များမှ (၉) ပါးသီလ ခံယူဆောက်တည်ခြင်း၊ အလှူရှင်များမှ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)