နေပြည်တော် ၆ ဖေဖော်ဝါရီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးကိုယ်စားလှယ် သံအမတ်ကြီး Mr. Kent Härstedt အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဆွီဒင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် ဆွီဒင်နိုင်ငံအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးသွားရေး၊ မြန်မာ-ဆွီဒင် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၁၈-၂၀၂၂)အရ ဆွီဒင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (SIDA) မှ မြန်မာနိုင်ငံအား အကူအညီပေးအပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများတွင် ဆွီဒင်နိုင်ငံမှ ကူညီပံ့ပိုးနိုင်မည့် အခန်းကဏ္ဍများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်