နေပြည်တော် ၆  ဖေဖော်ဝါရီ

 

အိန္ဒိယသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော  မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် (၁၁) ကြိမ်မြောက် ကာကွယ်ရေးပစ္စည်းများ ပြပွဲအခမ်းအနား (DefExpo India- 2020) ပြုလုပ်သည့် Inaugural   Hangar ၊ Expo  Venue  သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည်  DefExpo  India-2020 ပြပွဲဧရိယာ အတွင်းရှိ India  Pavilion  &  UP  Pavilion တွင် ခင်းကျင်းပြသထားသည့် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းများအား ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် DefExpo  India-2020 ဧရိယာရှိ အိန္ဒိယလေတပ်၏ ယာယီဧည့်ခန်းဆောင်၌ အိန္ဒိယလေတပ် ဦးစီးချုပ် Air   Chief  Marshal  Rakesh  Kumar Singh   Bhadauria နှင့် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နှစ်စဉ်လေတပ်နှစ်ရပ်အကြား ကျင်းပပြုလုပ်လျက်ရှိသည့် အစည်းအဝေးများတွင် ဆွေးနွေးသဘောတူညီထားသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် လေတပ်နှစ်ရပ်အကြားတွင် ကျွမ်းကျင်ပညာရှင်အဆင့် အပြန်အလှန်  အတွေ့အကြုံနှင့် ဗဟုသုတများ ဖလှယ်မည့်အစီအစဉ်အား ပိုမိုမြှင့်တင် ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် DefExpo  India-2020 ဧရိယာရှိ အိန္ဒိယကြည်းတပ်၏ ဧည့်ခန်းဆောင် အစည်းအဝေးခန်း၌ အိန္ဒိယကြည်း တပ်ဦးစီးချုပ် General  Manoj  Mukund  Naravananeနှင့်တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံစဉ် မြန်မာ့တပ်မတော် (ကြည်း)နှင့် အိန္ဒိယ  ကြည်းတပ်တို့အကြားတွင် ရှိရင်းစွဲ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များနှင့် ကြည်းတပ်နှစ်ရပ်အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)