ရန်ကုန်  ၆ ဖေဖော်ဝါရီ

 

တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် တန်းတူညီမူရှိစွာ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် ပင်လုံညီလာခံကြီးကို ကျင်းပရာ၌ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ကိုင်ဆောင်ထားသော ကိုးပေအမြင့်ရှိ ဗိုလ်ချုပ်ကြေးရုပ်အား ဖေဖော်ဝါရီ(၁၃)ရက်၊ ဗိုလ်ချုပ်မွေးနေ့တွင်ဖွင့်လှစ်ရန် ဖေဖော်ဝါရီ(၅)ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်သို့ မန္တလေးမြို့မှရောက်ရှိရာ ဒေသခံပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။

 

မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်ကိုင်ဆောင်သော ပထမဆုံးကြေးသွန်းရုပ်တုမှာ တောင်ကြီးမြို့တွင် တည်ရှိပြီးတောင်တွင်းကြီးမြို့နှင့် ယခုလှိုင်သာယာမြို့နယ်တို့၌ ကြေးသွန်းရုပ်သုံးခုသာရှိသည်။ ပင်လုံစားချုပ် ကိုင်ဆောင်ထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုမှာ ကြေးပိဿာချိန်(၃၃၅)ပိဿာရှိပြီး အမြင့်ကိုးပေတွင် အောက်ခံခုံခြောက်လက်မဖြင့် ၉ ပေ ၆ လက်မ ရှိကာ ဘီအိုစီလမ်းဆုံ အနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၌ (၁၃) ပေ အမြင့်ရှိသော ပင်လုံငြိမ်းချမ်းရေးစာချုပ် ကိုင်ဆောင်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်အောက်ခံခုံကို တည်ဆောက်ပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြေးရုပ်ကို ဖေဖေါ်ဝါရီ(၃)ရက်နေ့တွင် မန္တလေးမြို့မှ သယ်ဆောင်၍ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်ကို ဦးတိုက်ပြီး နေပြည်တော်တွင် တစ်ညရပ်နားသည်။ ဖေဖော်ဝါရီ(၄)ရက်၌ ရန်ကုန်မြို့ အင်းစိန်းမြို့နယ်တွင် တစ်ညရပ်နား၍ (၅)ရက်နေ့နံက်ခင်းတွင် လှိုင်သာယာမြို့သို့ သယ်ဆောင်ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာအသီးသီးတို့ ကြိုဆိုလျှက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီးရှိ မြို့နယ်ခန်းမ၌ ယာယီထားရှိသည်။

 

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သော ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော ပင်လုံစာချုပ်ကိုင်ဆောင်ထားသည့် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို စည်ကားသို့မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်မှုနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်က မြို့နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်သွန်းလုပ်ဖို့ ၂၀၁၄-ခုနှစ်ထဲက စီစဉ်ခဲ့တာပါ။ ၂၀၁၉-ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြီးစီးခဲ့တယ်။ ပြည်သူလူထု လှူဒါန်းမှုနဲ့ သွန်းလုပ်ခဲ့တာ သိန်း(၁၃၀)ကျပါတယ်။ ပင်လုံစာချုပ်ရုပ်တုကို သွန်းလုပ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်ကိုင်ဆောင်တဲ့ ကြေးသွန်းရုပ်ရှားတယ်။ ပြီးတော့နှစ်တစ်ရာမှာ တစ်ယောက်ပေါ်ထွန်းခဲ့တဲ့ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးရဲ့ တိုင်းပြည်ချစ်စိတ်၊ ကိုယ်ကျင့်တရားကိုအနာဂ တ်လူငယ်တွေရင်ထဲ ကိန်းအောင်းပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုရှိလာမယ်ဆိုတဲ့ ခေါင်းဆောင်ကောင်းကို အစဉ်သတိရ အတုယူတတ်ဖို့ ဗိုလ်ချုပ်ကြေးသွန်းရုပ်ကို မန္တလေးမှာ သွန်းလုပ်ဖြစ်တာပါ။ ပြီးတော့ ပင်လုံငြိမ်းချမ်းရေးကို အစဉ်သတိရစေလိုတဲ့အတွက်လည်း ဖြစ်ပါတယ်ဟုပြောသည်။

 

ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို လှိုင်သာယာမြို့နယ်တွင် ဖေဖော်ဝါရီ(၆)ရက်မှ (၁၀)ရက်နေ့ထိ လှည့်လည်ပြသလျှက်ရှိပြီး (၁၁) ရက်နေ့တွင် ပန်းခြံအတွင်း ထားရှိမည်ဖြစ်ရာ ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင် ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သန်းဉီး