၇ ဖေဖော်ဝါရီ

 

ဘယ်တော့များ သတင်းကြားရမလဲ စိုးထိတ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဂယက်ထသွားခဲ့ရတာက နှာခေါင်းစည်း (mask)ဈေးကွက်ပါပဲ။ ကူးစက်ခံရမှာကို ကြောက်လန့်ပြီး တတ်နိုင်သလောက် ကာကွယ်ဖို့  နှာခေါင်းစည်းတွေ အပြေးအလွှားလုဝယ်ကြရာက ဆေးဆိုင်မှာတင်မက အွန်လိုင်းက မှာယူမှုတွေပါ ပစ္စည်းပြတ်၊ ဈေးတက် ဖြစ်လာခဲ့ပါတယ်။

 

ဒါပေမယ့် တစ်ခုသတိထားဖို့ရှိတာက နှာခေါင်းစည်း တစ်မျိုးတည်းကို အားကိုးပြီး တခြားကာကွယ်မှု တွေကို မေ့လျော့နေကြမှာကိုပါ။ တရုတ်နိုင်ငံမှာ လူအများစုမှာ နှာခေါင်းစည်းတပ်ထားရင်းကို ကူးစက်ခံရတာတွေရှိနေတာ သတိပြုပါ။

 

ဘာ့ကြောင့်လဲ

 

နှာခေါင်းစည်းတပ်ဖို့က လိုအပ်ပါတယ်။ သို့သော် လုံလောက်တဲ့အကာအကွယ်လို့တော့ တသမတ်တည်း မမှတ်ယူစေချင်ပါဘူး။ ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေ၊ အရည်အစက်တွေကို ကာကွယ်ပေးနိုင်လို့ အရေးပါတဲ့ အကာအကွယ်တစ်ခုဖြစ်ပေမယ့် သူ့မှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။

 

အသုံးပြုနည်းမှန်ရဲ့လား

 

လူပြောများတဲ့ နည်းအမှားတွေကလည်း ပျံ့နှံ့နေတာမို့ နှာခေါင်းစည်းတပ်နည်းအမှန်ကို ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေဆီကနေ လေ့လာပါ။ အတိုချုံးပြောရရင် နှာခေါင်းစည်းကို အရောင်ပါတဲ့ဘက်ကို အပြင်မှာထားပါ၊ သံချောင်းပျော့လေးပါတဲ့ထိပ်ကို အပေါ်မှာထားပြီးတပ်ပါ၊ နှာခေါင်းနဲ့ ပါးစပ်ကိုလုံအောင် မေးစေ့ထိအုပ်ပါ၊ ကိုယ့်နှာတံနဲ့နေသားတကျဖြစ်အောင် ဖိလိုက်ရုံနဲ့ ရပါတယ်။

 

ဘယ်လောက်ကြာကြာတပ်လဲ

 

တစ်ခါသုံးနှာခေါင်းစည်းတွေကို တစ်ရက်နှစ်ရက်ဝတ်ထားလို့ အဆင်မပြေပါဘူးနော်။ ကာကွယ်မှု ထိရောက်နိုင်စွမ်း ကောင်းချင်တယ်ဆိုရင် နှာခေါင်းစည်းတွေကို အများဆုံး ရှစ်နာရီထိပဲ တပ်ထားသင့်ပါတယ်။

 

စွန့်ပစ်တဲ့နည်းမှန်ရဲ့လား

 

တပ်တာတော့ ဟုတ်ပါပြီ။ စွန့်ပစ်တဲ့အခါ နည်းလမ်းမှန်ရဲ့လား။ တွေ့ရာနေရာ၊ ဟင်းလင်းပြင်မှာ စွန့်ပစ်ရင် ရောဂါပိုးပျံ့နှံ့မှုတွေကို အားပေးသလိုဖြစ်စေနိုင်ပါတယ်။ ဥပမာ ကိုယ်က အအေးမိ နှာစေးဖြစ်နေတယ်ဆိုပါစို့။ နှာခေါင်းစည်းကို လက်လွတ်စပယ်စွန့်ပစ်တဲ့အခါ ဝူဟန်မဟုတ်တဲ့ တခြားပိုးတွေ သူများတွေဆီပျံ့စေမယ်လေနော်။

 

အဖြူရောင်ရှိတဲ့အခြမ်းကို ပါးစပ်နှာခေါင်းနဲ့ ကပ်ပြီးတာနဲ့ Mask ဘေးက ကြိုးနှစ်ကွင်းကို နားရွက်အနောက်ဆီ အသီးသီးချိတ်ဆွဲပေးရပါမယ်။ တပ်တဲ့အခါ Mask က နှာခေါင်း၊ ပါးစပ်ကို လုံနေပြီး မေးစေ့အောက် ရောက်နေဖို့လည်း အရေးကြီးပါတယ်။ ပြန်ဖြုတ်တော့မယ်ဆိုရင် နားရွက်မှာ ချိတ်ထားတဲ့ ကြိုးနှစ်ကွင်းကို ဆွဲဖြုတ်ပြီး အဲ့အတိုင်း အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောပေးပါ။

 

အမှားလုပ်မိသေးလား

နှာခေါင်းစည်းတပ်တဲ့အခါ အရေးကြီးတဲ့အချက်က နှာခေါင်းစည်းကို လက်နဲ့ထိကိုင်မနေဖို့ပါပဲ။ လက်မဆေးထားဘဲ နှာခေါင်းစည်းအောက်က မျက်နှာပေါ်ကို မထိမကိုင်ပါနဲ့။ မျက်လုံးမပွတ်ပါနဲ့။ မကြာခဏလက်ဆေးပါ။

 

အရေးကြီးဆုံးအချက်က –

 

နှာခေါင်းစည်းတစ်ခုတည်းနဲ့ ကာကွယ်နိုင်ပြီမထင်လိုက်ပါနဲ့။

 

နှာခေါင်းစည်းတွေဝယ်တပ်မယ်ဆိုရင် ရောဂါကာကွယ်နိုင်ပြီလို့ စိတ်ချထားတာက အဆိုးဆုံး၊ အန္တရာယ် အများဆုံးဖြစ်ပါတယ်။ ရောဂါကူးစက်မှုတွေက နေ့စဉ်လှုပ်ရှားလုပ်ဆောင်သမျှတွေ၊ ထိတွေ့မှုတွေကနေ ဖြစ်တတ်တာမို့ ဒါတွေပိုသတိထားသင့်ပါတယ်။

 

အများစုတပ်နေကြတဲ့ တစ်ခါသုံး(ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း)တွေက ချောင်နေတဲ့၊ ဟနေတဲ့နေရာတွေ ကနေ မမြင်ရတဲ့ လေထုတွင်းအမှုန်အမွှားတွေဝင်ရောက်နိုင်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက သတိပေးထားပါတယ်။

 

ကျန်းမာရေး အဖွဲ့အစည်းတွေက အကြံပြုထားတဲ့ အကောင်းဆုံး ကာကွယ်မှုနည်းလမ်းကတော့ လက်ဆေးဖို့နဲ့ ချောင်းဆိုးနှာချေရင် နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ဖို့၊ နေမကောင်းဖြစ်နေရင် အိမ်မှာပဲ နားနေဖို့၊ နေမကောင်းဖြစ်နေသူနဲ့ မထိတွေ့ဖို့ ပဲဖြစ်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်