ကွန်ဟိန်း ၇ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက်၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရွှေဟင်္သာအေးစေတီဘုရားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံ အား အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့လာသော ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးဝင်းက ဖတ်ကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှ ပေးပို့လာသော ၂၀၂၀ ပြည့်နှစ်၊(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော က ဖတ်ကြားခဲ့သည်။ အစီအစဉ်အရ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အသင်းဝင် ဦးစိုင်းလျန်းခေါင်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)