ပျော်ဘွယ် ၇ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ဖွဲသင်းကျေးရွာရှိ ကျေးလက်နေတောင်သူများ၏ လယ်ယာမြေဧက ၁၀ဝ၀ ကျော်မှ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့အချိန်မှီတင်ပို့နိုင်စေရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းကို မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖွဲသင်းကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည် ၇၄၅၀ ပေ၊ အကျယ် ၁၂ ပေ ၊ထု ၂ပေ ၉ လက်မ မြေသားတင်ဂျင်းခင်းခြင်းနှင့်ယင်း လမ်းပေါ်တွင် RC Box culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၉၆ ဒသမ ဝ၃ ဖြင့် တင်ဒါအောင်မြင်သော ဇွဲဝဿန် ကုမ္ပဏီက ဖေဖော်ဝါရီလ ပထမအပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း ပျော်ဘွယ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာရှိ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှုကို ရမည်းသင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်ဦးစီးမှူးဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာလမ်းကော်မတီများနှင့်အတူ ဖေဖော်ဝါရီ ၇ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)