မိတ္ထီလာ ၇  ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ်၌ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေး ရန် ကျေးရွာသုံးစိုက်ခင်း ဧက(၁၀ဝ)နှင့် အခြားစိုက်ခင်း(၂၅)ဧကတို့တွင် သစ်ပင် ရှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

 

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရန်နှင့် ရာသီဥတုမျှတ ကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရန်အတွက် သစ်တောစိုက်ခင်းများ တည် ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနား လည်ပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ သွားစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအနေဖြင့် မြစ်၊ ချောင်း၊ ကန်၊ ဆည်များအတွင်း နုန်းအနည်း ပို့ချခြင်းမှ ကာကွယ်ရန်အတွက် ကျောက်စီနုန်းထိန်းတမံငယ်(၃)ခုကိုလည်း တည်ဆောက်ပြီးဖြစ်သည်။ ဆက်လက်၍ သဲတောလေး ကျေးရွာတွင် ဂါလံ(၅၀ဝ၀)ဆံ့ မိုးရေစုကန်ကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းကြည်က ပြောကြားခဲ့သည်။

 

အဆိုပါလုပ်ငန်းများအပြင် မိတ္ထီလာမြို့နယ်အတွင်း ဒေသခံပြည်သူများအား အခြေခံသစ်တောထွက် ပစ္စည်းများ ဖြည့်ဆည်းပေးရန်   ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂၀၂၀ မိုးရာသီ)၌ သစ်တောများ ထူးထောင်သွားမည်ဖြစ်ရာ ဖလံကျင်း၊ မုန်တိုင်၊ လျှော်ကန်(တောင်)သစ်တောကြိုးဝိုင်းများရှိ ကျေးရွာသုံး စိုက်ခင်း (၁၀ဝ)ဧကတွင် တမာ၊ ယူကလစ်၊ မြန်မာကုက္ကို၊ ရှားစသည့် အပင်ပေါင်း (၅၄၅၀ဝ)နှင့် အခြားစိုက်ခင်း (၂၅) ဧကတွင် အပင်ပေါင်း(၃၀၂၅၀)တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းအပြင် အထူးစိမ်းလန်းစိုပြည်ရေး (တစ်အုပ်တစ်မ)စိုက်ခင်းတွင် အပင်ပေါင်း(၄၀ဝ၀)တို့အား စိုက်ပျိုးသွားမည် ဖြစ်ပြီး ၎င်းစိုက်ခင်းများတွင် သစ်ပင်များ စိုက်ချိန်တွင် စံချိန်စံညွှန်းပြည့်မီအောင် အကြိုလုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)