ပခုက္ကူ  ၇  ဖေဖော်ဝါရီ  

ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် ကုဿိန္နာရုံ(နှမ်းမနှဲ)တောင်ပွဲဘုရားပွဲတွင် ဒေသရိုးရာလက်မှု ပစ္စည်းများ ရောင်းချနေကြောင်း သိရသည်။ 

ပခုက္ကူမြို့၏အထင်ကရပွဲတော်တစ်ခုဖြစ်သော ကုဿိန္နာရုံ(နှမ်းမနှဲ)ဘုရားပွဲတော်ကို    နှစ်စဉ်ပြာသိုလဆန်းမှ တပို့တွဲလပြည့်နေ့ အထိနှမ်းမနှဲနှင့်ဒေသရိုးရာလက်မှုပစ္စည်းများရောင်းချသည်။ ပွဲတော်ကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ရိုးရာမပျက်ကျင်းပလျက်ရှိပြီးအဓိက ရောင်းချသော ပစ္စည်းများမှာ နှမ်းမနှဲနှင့်ပခန်းကြီးမြို့ဟောင်း မြောက်ပြင်ကျေးရွာမှ အိုးအမျိုးမျိုးနှင့် ကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်နှင့် စက္ကူ၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော ပစ်တိုင်းထောင်ရုပ်၊ ဖိုးဝရုပ်၊ သူငယ်တော်ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်နှင့် ရှေးခေတ်စစ်သူကြီးများဖြစ်သော ကျန်စစ်သား၊ မဟာဗန္ဓုလတို့၏  အမည်မှည့်ခေါ်ထားသော ဦးထုပ်၊ဓား၊လှံများနှင့် ကလေးကစားစရာအရုပ်မျိုးစုံကို ရောင်းချသောပွဲတော်ဖြစ်သည်။

 

a

 

အိုးလာရောင်းချသော ပခန်းကြီးမြောက်ပြင်ကျေးရွာမှ ဒေါ်သန်းဆွေက လွန်ခဲ့သော နှစ်ပေါင်း(၄၀) မိမိငယ်စဉ်ကတည်းက အိုးမျိုးစုံကို လာရောက်ရောင်းချခဲ့ကြောင်း၊ ယခင်ကာလက ရင်းနှီးငွေထောင်ဂဏန်းဖြင့် ပခုက္ကူသို့လာရောက်ရောင်းချ၍ရကြောင်း ယခုအခါငွေကျပ်   သိန်း(၂၀)မှ (၂၅)သိန်းထိခန့်ရင်းနှီးမှသာ လာရောက်ရောင်းချရန်အဆင်ပြေပါကြောင်း၊ ဝါး/စက္ကူဖြင့်အရုပ်ပြုလုပ် သောပခုက္ကူမြို့အမှတ် ၁၃ ရပ်ကွက်မှ မလဲ့လဲ့ကလည်း မိမိတို့အနေဖြင့် နတ်တော်လမှစ၍ အရုပ်များ ပြုလုပ်ရင်းနှီးမြှုပ်နှံထားရပါကြောင်း ဒေသတွင်းအရုပ်များ သာမက တီဗီဇာတ်လမ်းတွဲမှ လာသော ကိုရီးယား၊ တရုတ်ဇာတ်ကားများထဲမှ ဦးထုပ်၊ဓား၊လှံပုံစံစသည်တို့လည်း ခေတ်လိုအပ်ချက်အရ ပြုလုပ် ရောင်းချရပါကြောင်းပြောကြားသည်။

အဆိုပါပွဲတော်တွင်နှမ်းမနှဲကိုလည်းရောင်းချရာတစ်ပိသာလျှင် ငွေကျပ် (၆၀ဝ၀) ဈေးနှုန်းဖြင့် ရောင်းချကြောင်း ဝယ်သူများထံမှ သိရသည်။

ကိုတမာ(ပြန်/ဆက်)