ရန်ကုန် ၇ ဖေဖော်ဝါရီ
ရန်ကုန်မြို့ရှိ အော်ဂဲနစ်ဈေးများကို စားသုံးသူများက ပိုမိုယုံကြည်စိတ်ချစွာ ဝယ်ယူလာကြသဖြင့်မြို့နယ်များတွင် အော်ဂဲနစ်နှင့် ဓာတုဘေးအန္တရာယ်ကင်းဈေးများ ပိုမိုဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ဖွင့်လှစ်ရောင်းသူများက ပြောကြားသည်။
“အဓိက အော်ဂဲနစ်လက်မှတ်ရ၊ ဓာတုလွတ်၊ GAP လက်မှတ်ရပါမယ်၊ သဘာဝ ဟင်းသီးဟင်းရွက်တွေကို စားသုံးသူတွေနဲ့ တိုက်ရိုက်ထိတွေ့ ရောင်းချနိုင်ဖို့ မြို့နယ် တိုင်းမှာ ဖော်ဆောင်ပေးဖို့ကြိုးစားရင်းနဲ့ အခုဆူးလေမှာ Consumer Green Market (၁)ပါ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ၊ သဘာဝဓာတ်စာတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဇူလိုင်လ ၆ ရက်စပြီး မနက် ၇ နာရီမှ နေ့လယ်အထိ သောကြာနေ့တိုင်း ရောင်းချပေးပါတယ်၊ ဒုတိယဈေးက တောင်ဥက္ကလာ (၁၀)ရပ်ကွက် သုမင်္ဂလာလမ်း ပန်းခြံရှေ့မှာ စနေနေ့ မနက်တိုင်း ဆိုင်ခန်း(၃၀)ကျော်က ရောင်းချပေးနေပါတယ်၊ နောက်ထပ် Consumer Green Market (၃)နဲ့(၄)ကို လှိုင်မြို့နယ်နဲ့ တခြားမြို့နယ်တွေ မှာ သက်ဆိုင်ရာနဲ့ညှိနှိုင်းပြီး ဆက်လက်ဖွင့်လှစ်သွားမှာပါ၊ အခု ဘားလမ်းမှာ ရှမ်းပြည်နယ်၊ ကလောကလာတဲ့ အော်ဂဲနစ် ဟင်းသီးဟင်းရွက်ဆိုင်အပါ ဆိုင်ခန်း (၂၀) ကျော်ရှိပါတယ်၊” ဟု ဘားလမ်းမှ Consumer Green Market ဈေးတာဝန်ခံ ဒေါ်စိုးကလျာထိုက်က ပြောသည်။
အလားတူ အော်ဂဲနစ်၊ ဓာတုကင်းလွတ်၊ GAP အသိအမှတ်ပြုလက်မှတ်ရ စိုက်ပျိုးထုတ်လုပ်တိုက်ရိုက်ရောင်းချသည့်ဈေးများကို ဗုဒ္ဓဟူးတိုင်း ကြို့ကုန်း စိုက်ပျိုးရေးဦးစီးဌာန ဆိုင်ခန်း (၃၀) ဖြင့်လည်းကောင်း၊ ကန်တော်ကြီးပန်းခြံရှိ မြေပဒေသာကျွန်းတွင် ဆိုင်ခန်း(၂၅)ခန်းကျော်နှင့် Farmer Market များတွင် စနေနေ့ နှင့်တနဂငေ်္နွနေ့တိုင်း သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ သဘာဝကြက်ဥ၊ ကျန်းမာရေးဖြည့်စွက်စာများ၊ ဓာတ်စာများကို စိုက်ပျိုးထုတ်လုပ်သူများ ကိုယ်တိုင် ထတ်လုပ်၍ လာရောက်ရောင်းချလျက်ရှိသည်။
“စားသုံးသူကာကွယ်ရေးအသင်းက ပထမဆုံး အင်းစိန် ကြို့ကုန်းမှာ စပြီး ရောင်းတာပါ၊ လက်မှတ်သုံးမျိုးမှာ ကျွန်တော်တို့က အော်ဂဲနစ်လက်မှတ်ထုတ်ပေး ထားတယ်၊ တစ်နှစ်တစ်ခါစစ်ဆေးပြီး ပြန်ထုတ်ပေးပါတယ်၊ GAP လက်မှတ်က စိုက်ပျိုး ရေးဦးစီးဌာနက ထုတ်ပေးပါတယ်၊ ကျွန်တော်တို့က ပြည်တွင်း ဈေးကွက်အတွက် အဓိကထားပါတယ်၊ နိုင်ငံတကာအသိအမှတ်ပြု ဈေးကွက်တစ်ခုအထိ ဆွဲတင်ဖို့ ကြိုးပမ်းနေပါတယ်၊ ထိုင်းနိုင်ငံက ကုမ္ပဏီတစ်ခုက နည်းပညာပေးမယ်၊ ဈေးကွက် ဖော်ဆောင်ဖို့ ကမ်းလှမ်းတာတော့ရှိပါတယ်၊ ကျွန်တော်တို့က စဉ်းစားနေပါတယ်”ဟု MFVP၏ ဗဟိုအလုပ်အမှုဆောင် ကန်တော်ကြီး မြေပဒေသာကျွန်းမှ စနေ၊ တနင်္ဂနွေ အော်ဂဲနစ်ဈေး တာဝန်ခံ ဦးတင်အောင်က ပြောသည်။
မြေပဒေသာကျွန်းတွင် ဟင်းသီးဟင်းရွက်များအပြင်၊ သဘာဝမွေးကြက်ဥ၊ လက်ဖက်၊ လက်ဖက် ခြောက်၊ ဆုံပဲဆီ၊ ကော်ဖီ၊ သကြားအစားထိုး ထန်းလျက်မှုန့်နှင့် တိုင်းရင်းဆေး ဖြည့်စွက်စာများဖြစ်သည့် ရွဲယိုသီးချက်ဆေး၊ ချဉ်စော်ခါးသီးဖျော်ရည်၊ နနွင်းဆေးလုံး၊ အောင် ပန်းညိုရွက်နှင့် ဆေးဖက်ဝင်စားဖွယ်များကို မနက် ၅နာရီမှ စ၍ နေ့လယ်အထိ စနေ၊ တနင်္ဂနွေနေ့တိုင်း ရောင်းချလျက်ရှိသည်။
“ကျွန်မက မြေပဒေသာကျွန်း စနေ၊ တနင်္ဂနွေဈေးမှာ နှစ်ပတ်တစ်ခါ အိမ်က ကလေးငယ်ကိုကျွေးဖို့ တစ်ခါဝယ်ရင် ကြက်ဥ နှစ်ကတ်လာဝယ်ပါတယ်၊ အပြင်ဈေးက ဟော်မုန်းတွေများတဲ့ ကြက်ဥကျွေးမယ်ဆိုရင် ကလေးကိုအန္တရာယ် ဖြစ်မှာစိုးရိမ်တယ်၊ ဒီမှာအပြင်ဈေးနဲ့က နည်းနည်းတော့ကွာတယ်၊ ဟင်းသီးဟင်းရွက်ဆို ဈေးသိပ်မကွာ ပါဘူး” ဟု အလုံမြို့နယ်မှ လာဝယ်သူ မနိုင်နိုင်လင်းက ပြောသည်။
သန့်ဇင်ဝင်း