နေပြည်တော် ၇ ဖေဖော်ဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်နှင့် အလုပ်သမားများ၏ လက်ရှိအလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝန်ကြီးဌာန၏ ဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် အလုပ်ရှင်/အလုပ်သမားများ၏ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံးရှိ အလုပ်သမားဦးရေ အခြေအနေများ၊ အလုပ်သမား ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ပေးမှု၊ လူမှုဖူလုံရေးအဖွဲ့မှ ဆေးဝါးကုသပေးမှုနှင့် ငွေလက်ငင်းအကျိုးခံစားခွင့် ပေးချေမှု၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် စက်ရုံအလုပ်ရုံများအား စစ်ဆေးဆောင်ရွက်မှု၊ အချိန်ပိုလုပ်ကိုင်ခြင်း လုပ်ခလစာငွေကြေး အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးမှု၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ငွေကြေးအကျိုးခံစားခွင့် ရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေများ၊ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တိုးချဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေပါ အချက်အလက်များ၊ ယနေ့ဖြစ်ပွားလျက်ရှိသည့် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အငြင်းပွားမှု၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အလုပ်သမားရေးရာကိစ္စ၊ အလုပ်သမားများအတွက် ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စ၊ အလုပ်သမားရေးရာ ဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးရန်လိုအပ်သည့် အခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေရှည်ဆောင်ရွက်လိုသည့် အချက်များအား အကြံပြုဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကလည်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ဖြည့်စွက်တင်ပြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်