ရန်ကုန် ၇ ဖေဖော်ဝါရီ

 

Young Insurance Life Co., Ltd က လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မြန်မာပြည်သူပြည်သားများ အပါအဝင် တစ်ကမ္ဘာလုံးသို့ ထပ်မံကူးစက်မှု မရှိစေရေး၊ ရောဂါပိုးကို ထိန်းချုပ်နိုင်မည့် ကာကွယ်ဆေး အမြန်ဆုံး ဖော်စပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ဆုတောင်းပွဲကျင်းပသည်။

 

အဆိုပါ ဆုတောင်းပွဲ Young Insurance Life Co., Ltd မှ ဝန်ထမ်းများက မဟာဗန္ဓုလပန်းခြံအတွင်းရှိ လာရောက်အပန်းဖြေကြသော ပြည်သူများအား နှာခေါင်းစည်း လှူဒါန်းကြသည်။

 

တစ်ကမ္ဘာလုံးသို့ ကူးစက်ပြန့်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ ကာကွယ်ရန်၊ နှာခေါင်းစည်းများနှင့် ဆောင်ရန်ရှောင်ရန်အကြောင်း လက်ကမ်းစာစောင်များဝေငှခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် ငြိမ်သက်စွာ ဆုတောင်းခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို အားပေးစကား လက်ဆောင်ပြောပေးခြင်း၊ မြန်မာပြည်အနှံ့ရှိ ဆေးရုံများ၊ လူထူထပ်ရာများနှင့် အစိုးရရုံးများသို့ နှာခေါင်းစည်းများ ကျန်းမာရေး လက်ကမ်းစာစောင်များ၊ တီရှပ်များ လှူဒါန်းခဲ့သည်။

 

Young Insurance Life Co., Ltd မှ Project Director ဦးထွန်းထွန်းစိုးက “တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူတွေအားလုံး ကြောက်လန့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ရောဂါမပြန့်ပွားဖို့ ထိန်းချုပ်နိုင်ဖို့အတွက် ဆေးဝါးတွေ အမြန်ဆုံး ဖော်စပ်နိုင်ရေးတို့ကို ဆုတောင်းတာဖြစ်ပါတယ်။ ဆုတောင်းပြီး အခမ်းအနားကို တက်ရောက်လာတဲ့ ဝန်ထမ်းတွေက နှာခေါင်းစည်း ၅၀ဝ၀ လှူဒါန်းမယ်။ ကိုရိုနာဗိုင်းရပ်စ်ကို စုပေါင်းတိုက်ဖျက်ကြဖို့ ရည်ရွယ်ပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ အဓိကကတော့ ကျန်းမာရေးရှုထောင့်ကနေ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ရောဂါဆိုးကပ်ဆိုး ဘေးကင်းနိုင်ဖို့၊ မပြန့်ပွားဖို့အတွက် ဦးတည်ပြီး ရည်ရွယ်လုပ်ဆောင်တဲ့ပွဲ ဖြစ်ပါတယ်”ဟု ပြောသည်။

 

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မူဆယ်နှင့် မုံရွာမြို့တို့တွင် နှာခေါင်းစည်းများ၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များကို ဝေမျှသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ-ဥမ္မာသန့်