နေပြည်‌တော် ၇ ဖေဖော်ဝါရီ

 

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)၊ ပညာပေးဆောင်၌ 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ)နှင့် ပတ်သက်၍ အသိပညာပေးဟော ပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)တွင် လာရောက်ဆေးကုသမှု ခံယူနေကြသော လူနာနှင့် လူနာစောင့်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)မှ သူနာပြုဆရာမကြီးများနှင့် သူနာပြုဆရာမများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ကျွမ်းကျင်သူ ဒေါက်တာပပ၊ ဒုတိယဆေးရုံအုပ်ကြီး/ ဆေးရုံအုပ်ကြီး (ပူးတွဲတာဝန်)၊ ဒေါက်တာအောင်လင်းအေး၊ ပါမောက္ခဒေါက်တာ တင့်တင့်ကြည်(ဆေးပညာ) တို့မှ 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ) နှင့် ပတ်သက်၍ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀ဝ၀)သို့လူနာများ ရောက်ရှိလာပါက ကုသပေးမည့်အစီအစဉ်များ၊ လူနာများအား သီးခြားလူနာခန်းတွင် ထားရှိနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပညာပေးဟောပြောခဲ့ကြပြီး လက်ဆေးနည်းအဆင့်ဆင့်ကိုလည်း လက်တွေ့သင်ကြား သရုပ်ပြခဲ့ကြသည်။

 

mdn

 

ထို့ပြင် ဟောပြောပွဲသို့ လာရောက်နားထောင်သူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ လက်ကမ်းစာစောင်တွင် ပါဝင်သော QR Code များကို Scan ဖတ်၍ 2019 Novel Coronavirus (2019-nCoV) (အဆုတ်ရောင်ရောဂါ)နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် ကျန်းမာရေး ပညာပေးသတင်းအချက်အလက်များကို ဝင်ရောက်ဖတ်ရှုကြရန်လည်း တိုက်တွန်းပြောကြားသည်။

 

သတင်းစဉ်