မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကယားတိုင်းရင်းသား လုပ်ငန်းရှင်အသင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပါဝင် ပံ့ပိုးသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀) ပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပခဲ့သည်။
တန်ဖိုးထားတတ်စေရန် ရည်ရွယ်
နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ရန်၊ ချစ်ခင်ရင်းနှီးစွာ ပေါင်းစည်းနေထိုင်နိုင်ရန်၊ မြန်မာနိုင်ငံ၏ တောတောင်ရေမြေအလှနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၁၉)ပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ပင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ပထမအကြိမ်အဖြစ် ကချင်ရိုးရာ မနောအကပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခုဒုတိယအကြိမ်တွင် ကယားရိုးရာတံခွန်တိုင် အကပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဖော်ထုတ်ပြသနိုင်
သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၁၉) ပွဲတော်ကို ကျင်းပပေးခြင်းဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများက မိမိတို့၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ ဓလေ့ထုံးစံများကို ဖော်ထုတ် ပြသခွင့်ရကြသလို မိမိတို့ဒေသရှိ သဘာဝကဖန်တီးပေးထားသည့် ရေမြေတောတောင်အလှအပ များကို ဖော်ထုတ်ပြသနိုင်ခဲ့ကြသည်။
မိမိတို့ဒေသထွက် ရိုးရာအဝတ်အထည်များ၊ ဒေသထွက်ကုန် စသည်တို့ကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်မှု၊ တိုင်းရင်းသားလူငယ်လူရွယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမှုစသည့် အခွင့်အရေးများစွာ ရရှိလာခြင်းနှင့်အတူ တစ်နေရာတည်းတွင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ အစားအသောက်များနှင့် လူမှုဘဝနေထိုင်မှုများကို တိုင်းရင်းသား အချင်းချင်း သိရှိလေ့လာနိုင်ပြီး တိုင်းရင်းသားစည်း လုံးညီညွတ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကိုပိုမိုခိုင်ကျည်လာမှုကို ဖော်ကျူးသည့် ပွဲတော်လည်း ဖြစ်သည်။
ကြိုးပမ်းဖော်ဆောင်
ထို့ပြင် တိုင်းရင်းသားလူမျိုးတစ်မျိုး၏ အမြတ်တနိုး ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြသော ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာများကို အခြားတိုင်းရင်းသားလူမျိုးများက သိရှိနားလည်ပြီး တန်ဖိုးထားကာ အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို တိုးပွားလာမည်ဖြစ်သည်။ ထိုသို့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စွာ ပေါင်းစည်းနေထိုင်လာခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး သံသယကင်းစွာ နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ကာ ဖွံ့ဖြိုးတိုးတက်ရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးတို့အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို စိတ်တူကိုယ်တူ ကြိုးပမ်းဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။
အေးအတူပူအမျှ အတူတကွ နေထိုင်
သို့ပါ၍ တိုင်းရင်းသားပြည်သူများကလည်း မိမိတို့၏ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းကာ ဒေသထွက်ကုန်များ ဈေးကွက်မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရင်း ရှေးပဝေသဏီကတည်းက ညီရင်း အစ်ကိုမောင်နှမ များသဖွယ် တစ်မြေတည်းနေ တစ်ရေတည်းသောက် အေးအတူပူအမျှ အတူတကွ နေထိုင်လာခဲ့ကြသည့် သမိုင်းသက်သေကို အဓွန့်ရှည်အောင် ထိန်းသိမ်းကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စု၏ သွေးသားရင်းချာများ၊ ပြည်ထောင်စု၏ နှလုံးသားများဖြစ်ရာ တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပြီး ၊ မရှိအတူ၊ ရှိအတူ အေးအတူ ပူအမျှ အတူတကွလက်တွဲကာ အေးချမ်းသာယာသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်စေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
သတင်းဆောင်းပါး-နေနေ
ဓာတ်ပုံ-မင်းသစ်(MNA) ၊ တင်စိုး (မြန်မာ့အလင်း)