ပဲခူး  ၈  ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီ ၇ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က နတ်တလင်းမြို့နယ်၊ တောင်ညိုရေလှောင်တမံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ တောင်ညိုရေလှောင်တမံ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဦးနှင့် တမံတာဝန်ရှိသူတို့က ရေလှောင်တမံ တည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းအချက်အလက်များ၊ မိုးစပါးအောင်ရေ၊ နွေစပါးစိုက်ပျိုးရေပေးဝေနေမှုအေြခအနေ၊ ဆည်ရေသောက်ပြင်ပနွေစပါး စိုက်ပျိုးရေရယူစိုက်ပျိုးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခင်ခေတ်ကာလအခြေအနေအရ ဆည်/တမံများကို စိုက်ပျိုးရေးနှင့် ရေကြီးနစ်မြှုပ်မှု ကာကွယ်ရန်အတွက် တည်ဆောက်ခဲ့သော်လည်း ယနေ့အခါတွင် ဆည်/တမံများကို ခရီးသွားလုပ်ငန်းနှင့်လည်း တွဲဖက်အသုံးပြုလာကြပြီး သဘာဝခရီးသွားလုပ်ငန်းများတွင် တောတွင်းလမ်းများ၊ ဆည်တမံများစသည့် သဘာဝတော၊ တောင်၊ ရေမြေတို့ကို အမှီပြု၍ တိုင်းပြည်ဝင်ငွေရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဘက်မှာလည်း ဒေသခံပြည်သူများအတွက် ခရီးသွားလုပ်ငန်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခံစားနိုင်စေမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်/တမံများအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအဖြစ် တွဲဖက်အသုံးပြုရန် ဆောင်ရွက်လျက်ရှိပြီး တောင်ညိုရေလှောင်တမံသည်လည်း အနာဂတ်တွင် ခရီးသွားလုပ်ငန်းအတွက် အသုံးဝင်နိုင်မည်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ တောင်ညိုရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ အရှေ့မြောက်ဘက် မကျီးပင်ရွာ၏ အထက် ပေ(၁၅၀၀)ခန့် အကွာတွင် တည်ရှိပြီး တောင်ညိုချောင်းပေါ်တွင် ၁၉၉၄ ခုနှစ်က စတင်တည်ဆောက်ထားခြင်း ဖြစ်သည်။ တောင်ညိုရေလှောင်တမံသည် အလျား(၃၄၀၀)ပေနှင့် အမြင့်(၁၁၀)ပေရှိသော မြေသားရေလှောင်တမံ အမျိုးအစားဖြစ်ပြီး တူးမြောင်းများဖြင့် လယ်မြေဧက (၅၀၀၀၀)နှင့် သီးနှံဧက(၈၀၀၀၀)ခန့်ကို ရေပေးဝေစိုက်ပျိုးနိုင်ကာ ဒေသတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုရရှိနိုင်စေရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တင်စိုး(ပဲခူး)