အမာ ၈  ဖေဖော်ဝါရီ

 

နှစ်စဉ်မပျက် ကျင်းပလာခဲ့သော အမာမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ (၃၆)ကြိမ်မြောက် ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၇) နာရီအချိန်က အမာမြို့လယ် ပဌာန်းမဏ္ဍပ်၌ ကျင်းပခဲ့သည်။

 

ယခင်နှစ်များ၌ အဘိဓမ္မာ(၇)ကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သော ပဌာန်းကျမ်းအား (၅)ရက်(၇)ရက် ဆက်တိုက် အသံမစဲ ရွတ်ဆိုပူဇော်ခဲ့ပြီး (၃၅)ကြိမ်မြောက် ပူဇော်ပွဲတွင် အဘိဓမ္မာ(၇)ကျမ်းမှ ဓမ္မသင်္ဂဏီကျမ်းတစ်ကျမ်းတိုး၍ ရွတ်ဆိုပူဇော်ခဲ့သည်။

 

ယခုနှစ်တွင် အဘိဓမ္မာ(၇)ကျမ်း အားလုံးအား(၉)ရက်တိုင်တိုင် အသံမစဲရွတ်ဖတ် ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။ အမာမြို့နယ်လုံးဆိုင်ရာ အသံမစဲ ပဌာန်းရွတ်ဆိုပူဇော်ပွဲအား လွန်ခဲ့သော (၃၆)နှစ်မှစတင်ပြီး အမာမြို့နယ်အတွင်း ဘေးအန္တရာယ်များ ကင်းဝေးစေရန်ရည်ရွယ်ပြီး နှစ်စဉ်မပျက် ကျင်းပပြုလုပ်လာခဲ့ရာ အခက်အခဲများစွာဖြစ်ပေါ်နေသည့် နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသည့် နှစ်တွင်လည်း ကျင်းပနိုင်ခဲ့သည်။

 

ကျင်းပသည့်ရက်များအတွက် ရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်ကြီးများ အပါး(၃၀)ကျော်၏ ဆွမ်းကွမ်းဝေရာဝစ္စများကိုလည်း အလှူရှင်များမှ ပြည့်စုံအောင် လှူဒါန်းပေးခဲ့ကြသည်။ ယခု(၃၆) ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအား ဆရာတော်သံဃာတော် အပါး (၃၀) ကျော်မှ (၉)ရက်တိုင်တိုင် အသံမစဲရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး နောက်နှစ်များတွင်လည်း အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲများသာ ကျင်းပသွားမည်ဖြစ်ကြောင်း ပဌာန်းဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးသန်းဇော်ထိုက်က ပြောကြားသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)