မန္တလေး ၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေး)၏ လှူဒါန်းမှုဖြင့် မန္တလေးမြို့ ကျုံးအနောက်ဖက်ခြမ်း လမ်း(၈၀)တွင် ကျပ်သိန်း(၆၀၀)ကျော် အကုန်အကျခံ တည်ဆောက်ခဲ့သည့် အများသုံးသန့်စင်ခန်းကို ယနေ့ ဖေဖော်ဝါရီ(၈)ရက် ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အောင်မြေသာစံမြို့နယ် ကျုံးအနောက်ဖက်ခြမ်း လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ (၂၃)လမ်းပေါ်တွင် တည်ရှိသည့် အဆိုပါ သန့်စင်ခန်းကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် ရည်ရွယ်ကာ တည်ဆောက်လှူဒါန်းခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) တာဝန်ရှိသူများက ပြောကြားထားပြီး ယင်းသန့်စင်ခန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် အနံ့စုပ်စက်နှင့် ရေသန့်စင်စက်များ တပ်ဆင်ထားသည်ဟု ဆိုသည်။
အဆိုပါ သန့်စင်ခန်းကို နံနက်(၅)နာရီခွဲမှ ညနေ(၇)နာရီအထိ နေ့စဉ်ဖွင့်လှစ်မည်ဖြစ်ပြီး သန့်စင်ခန်း အသုံးပြုခ ငွေကျပ်(၃၀၀)ကောက်ခံမည်ဖြစ်ကြောင်း စည်ပင်သာယာ တာဝန်ရှိသူများထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာကော်မတီအနေဖြင့် မြေနေရာရရှိမှုပေါ် မူတည်ကာ အဆင့်မြင့် အများသုံးသန့်စင်ခန်းများ ထပ်မံဆောက်လုပ်သွားမည်ဖြစ်ပြီး လှူဒါန်းလိုသူများ ရှိပါကလည်း ဆောက်လုပ်လှူဒါန်း နိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောသည်။
မကြာမီအချိန်အတွင်း မန္တလေးကျုံး မြောက်ဖက် (၁၂) လမ်းရှိ လူငယ်သင်တန်းကျောင်းအနီး၊ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း) အနီးနှင့် (၆၂)လမ်းပေါ်ရှိ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအနီးတို့တွင် အများသုံး အဆင့်မြင့် သန့်စင်ခန်းများထပ်မံ ဆောက်လုပ်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မန္တလေးမြို့တွင်း လူစည်းကားသည့် နေရာများတွင် အများသုံး အဆင့်မြင့်သန့်စင်ခန်း (၆)ခုအထိ တည်ဆောက်ထားပြီး ဖြစ်ကြောင်းနှင့်မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင် လက်ထက်တွင် ဆောက်လုပ်ခဲ့သည့် မန္တလေးမြို့ရှိ အများသုံး အဆင့်မြင့် သန့်စင်ခန်းများသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN)က ပေးအပ်သည့် Asean Public Toilet Awards 2019- 2021 ဆု ရရှိထားသည်။
အောင်စံမောင်


