ရေစကြို ၈ ဖေဖော်ဝါရီ
ရှင်မတောင်သနပ်ခါး ထွက်ရှိရာ ဒေသဖြစ်သည့်ရေစကြိုမြို့နယ်တွင် တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ကို ရေစကြိုမြို့နယ် ရွာထောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွာထောင်သက်တော်ရ ဘုရားကြီးအား သနပ်ခါး သားများဖြင့်မီးပူဇော်ကြသည်။ ထို့နောက် ဒုတိယအကြိမ်မြောက် မြန်မာ့သနပ်ခါးနေ့ကို ဖွင့်လှစ်ပြီး မြန်မာ့သနပ်ခါးနေ့ ကျင်းပရခြင်းအကြောင်းကို ရေစကြိုမြို့နယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးအောင်ဆန်းမှ ပြောကြားသည်။
ထို့နောက် ထမနှဲထိုးပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့ပြီး တပို့တွဲလပြည့်နေ့ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာကြသူများအား ထမနဲဖြင့်ကျွေးမွေး ဧည့်ခံခဲ့သည်ဟု သိရသည်။ ညပိုင်းအချိန်များတွင် ရွာထောင်ကျေးရွာနှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာ ၇ ရွာတို့မှ ယိမ်းအကများဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်ဟု မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းဒုတိယဥက္ကဌ ဦးအေးခိုင်ထံမှ သိရသည်။
အိမွန်ဆွေ(ရေစကြို)