သထုံ   ၈  ဖေဖော်ဝါရီ  

မွန်ပြည်နယ်၊ သထုံမြို့ မြသပိတ်တောင်ထိပ်ရှိ ဆံတော်ရှင် မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တောင်ခြေရှိ မြန်မာနိုင်ငံ၌အကြီးဆုံးဖြစ်သော နှီးဘုရားကြီး ဗုဒ္ဓပူဇော်ပွဲအထိမ်းအမှတ် ဆွမ်းကြီးလောင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်(တပို့တွဲလပြည့်)နေ့၊ နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။

နံနက် ၅ နာရီအချိန်တွင် တောင်ထိပ်ရှိ ဆံတော်ရှင် စေတီတော်မြတ်ကြီးအား သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ကာ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများနှင့် ဆွမ်းပွဲ တစ်ထောင်ဖြင့် ကပ်လှူပူဇော် ကြပြီး နံနက် ၇ နာရီမှစတင်ကာ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း ၁၇၄ ကျောင်းမှ သံဃာတော် ၆၈၀ ကျော်နှင့် သီလရှင်ကျောင်းတိုက် ၃၆ တိုက်မှ သီလရှင် ၇၀ ကျော်တို့အား အလှူရှင်အသီးသီးတို့က ရာဟု(ထမနဲ)၊ ဆွမ်းဆန်နှင့် လူဖွယ်ဝတ္ထု အသီးသီးတို့ကို တောင်ခြေတွင် စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။

 

ေ

 

အဆိုပါ ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ မြသပိတ်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓဒေသနာတော်များကို အသံမစဲ ရွတ်ဆိုပူဇော် ခဲ့ကြပြီး လပြည့်နေ့ ညနေ ၄ နာရီမှစတင်ကာ မြို့တွင်းရှိစေတနာရှင်များက နိဗ္ဗာန်ဈေးဖြင့် တည်ခင်း ကျွေးမွေးကာ စေတီတော်တောင်တက်လမ်းတစ်လျောက် ဆီမီး ၉၀ဝ၀ ဖြင့် ထွန်းညှိ ပူဇော်ခြင်း၊ ဇာတ်ပွဲများ၊ ပွဲဈေးများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သက်ဦး(သထုံ)