ရေတာရှည် ၈ ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ တောင်ပေါ်ဒေသများနှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တို့ကိုအဓိကဆက် သွယ်ထားသည့် ရေတာရှည်-ကရင်ချောင်း-လိပ်သိုကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားကြီးအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၆)မှတာဝန်ယူ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်တည် ဆောက်လျက်ရာ တံတားအောက်ပိုင်းလုပ်ငန်းများပြီးစီးသွားခဲ့ပြီးယခုအခါ အပေါ်ပိုင်းယက်မကြီးများ တင်ခြင်းနှင့်ကြမ်းခင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။

 “ကျွန်တော်တို့အခု လုပ်နေတဲ့ဟာက အပေါ်ပိုင်းယက်မကြီးတွေတင်နေတာ နှစ်ခန်းတော့တင်ပြီးသွားပြီး နောက်ထပ်ရက်ပိုင်း အတွင်း နှစ်ခန်းထပ်တင်မယ် ပြီးရင်ကြမ်းခင်းတွေတပ်ဆင်မယ် ခန့်မှန်းတာကတော့ ဇူလိုင်လလောက် ဆိုရင် တံတားကြီးတည်ဆောက်ရေးလုပ်ငန်းတွေပြီးစီးမှာဖြစ်ပါတယ်” ဟု တံတားတည်ဆောက်ရေးအထူး အဖွဲ့(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဖြိုးဝင်းကပြောကြားသည်။

အဆိုပါတံတားသည် ရေတာရှည်မြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ကျွဲရိုင်းပြင်ကျေးရွာအနီး တွင်ရှိပြီး တံတားကြီးအား ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ် ၅၅၄၂ သန်းဖြင့် တည်ဆောက်လျက်ရှိပြီး ပေ ၁၀ဝ အခန်း ၈ ခန်း စုစုပေါင်း ပေ ၈၀ဝ ရှည်လျား၍ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လမ်းတစ်ဘက်တစ်ချက် လူသွားလမ်း ၃ ပေ ပါဝင်မည်ဖြစ်သည်။ 

စစ်တောင်း မြစ်အရှေ့ ဘက်ကမ်းဒေသနှင့် အနောက်ဘက်ကမ်းဒေသများသည် မိုးရာသီကာလရောက်လျင် စက်လှေများဖြင့် လည်းကောင်း၊ ဆောင်း နှင့် နွေကာလများတွင် ယာယီတံတားများမှလည်းကောင်း အခကြေးငွေပေး၍ သွားလာကြရသည်ဖြစ်ရာ တံတားကြီးပြီးမြောက်သွားပါက ဒေသခံပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအဆင်ပြေနိုင်မည့်အပြင် ကျေးလက်ဒေသနှင့် မြို့ပြဒေသဖွံ့ဖြိုး မှုကွာဟချက်များကိုလည်း များစွာလျော့ချနိုင်မည်ဖြစ်သည်။ 

ကိုလွင်(ဆွာ)