မန္တလေး  ၈  ဖေဖော်ဝါရီ

တပို့တွဲလပြည့်နေ့ (သြဝါဒပါတိမောက် အခါတော်နေ့)တွင် မန္တလေးရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများတွင် လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 “တပို့တွဲလပြည့်နေ့ဆိုတော့ ဘုရားကြီးကို မိသားစုနဲ့ လာဖူးတာပါ။ ဘုရားကို ရွှေသင်္ကန်းကပ်ရင်း မီးပုံးထင်းလည်း ပူဇော်ရင်းပေါ့။ ဒီလို အခါကြီးရပ်ကြီးမှာ မိသားစုနဲ့အတူ ကုသိုလ်ယူရတာ ဝမ်းသာကျေနပ်မိပါတယ်။ ဘုရားဖူးပြီးရင်တော့ ဦးပိန်တံတားဘက် ဆက်သွားမှာပါ။” ဘုရားလာဖူးသူမှ ဦးတင်အေး ပြောသည်။ 

မန္တလေးမဟာမုနိဘုရားကြီးတွင် ဘုရားဖူးသူများ၊ ရွှေသင်္ကန်း၊ ပန်း၊ မီးပုံးထင်းပူဇော်သူများ၊ ထမနဲ စတုဒီသာ ကျွေးမွေးသူများ၊ ငါးကန်၊လိပ်ကန်များတွင် ကုသိုလ်ယူအစာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးမြို့ရှိ ဘုရားများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်များတွင် ထမနဲထိုးကာ စတုဒီသာ ကျွေးမွေးကြသူများနှင့် အထင်ကရ နေရာများတွင် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တင်ဇာလှိုင်