မန္တလေး ၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှာခေါင်းစည်း (Surgical Mask) ငါးသန်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန် ကြီးရုံး) ဒေါက်တာသာထွန်းကျော်မှ ပြောကြားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဖြစ်ပွားသည့် အဆိုပါရောဂါကို မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၇ ရက် ည ၇ နာရီခွဲက မန္တလေးမြို့ရှိတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ရာ အဆိုပါရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အတွက် ပြည်ပနိုင်ငံကထောက်ပံ့တဲ့ Mask ငါးသန်းရဖို့ရှိတယ်။ အခု ရန်ကုန်ဆိပ်ကမ်းကို ရောက်နေပါပြီ။ မကြာခင်ဖြန့်ဝေပေးတော့မှာ ဖြစ်ပါတယ်။ ဒီ Mask ငါးသန်းကို ပြည်သူတွေဆီ ဖြန့်ဝေပေးလိုက်ရင် ဈေးတင်ရောင်းချနေတာတွေ အလိုအလျောက်ရပ်တန့်သွားမှာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါဗိုင်းရပ်ရောဂါသတင်းကြောင့် လက်ရှိတွင် မန္တလေးမြို့ရှိဈေးဆိုင်အချို့တွင် နှာခေါင်းစည်း ပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီးရောင်းချသည့်ဆိုင်အချို့တွင်လည်း နှာခေါင်းစည်း(Mask) (၁၀)ခုပါ တစ်ထုပ်လျှင် ငွေကျပ် ၂၀ဝ၀မှ ၃၀ဝ၀ ကျပ်အထိ ဈေးခေါ်ရောင်းချမှုများရှိနေပြီး လူမှုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် စေတနာရှင်အလှူရှင်များကလည်းလူစည်ကားရာဈေးများ၊ ကျောင်းများနှင့် ကားဂိတ်များတွင် အခမဲ့လိုက်လံဝေငှပေးလျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၇ရက်နေ့က မန္တလေးမြို့ရှိကန်တော်နဒီဆေးရုံတွင် ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှုခံယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အခြေအနေနှင့် နေထိုင်စားသောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လာရောက်မေးမြန်းအားပေးစကား ပြောကြားခဲ့ပြီး ညပိုင်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းများကိုအရှိန် အဟုန်မြှင့်၍ ကြိုးစားလုပ်ဆောင်နေကြောင်းပြောကြားခဲ့သည်။
ထို့ပြင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့က ပြည်သူများစိုးရိမ်ထိတ်လန့်မှုမရှိစေရန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူလာသည့် ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သုံးဦးကို လူထုနှင့် မထိတွေ့စေဘဲ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ၎င်းတို့ထံမှ ၁၄ ရက်အတွင်း ရောဂါလက္ခဏာမပေါ်ခဲ့ပါက မိသားစုထံသို့ သွားရောက်နိုင်ရန် စီစဉ်ပေးထားကြောင်းရှင်းလင်းပြောကြားကာမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)