နေပြည်တော် ၈ ဖေဖော်ဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တော်ဝင်စင်တာ၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများ အသင်းရုံးခန်းသို့ သွားရောက်ပြီး အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် အသင်းတာဝန်ရှိသူများမှ ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့၊ တောင်ဉက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကျန်းမာရေးစောင့်ရှောက်မှု အသင်းရုံးခန်းသို့သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် အသင်းတာဝန်ရှိသူများက ခရီးသွားအာမခံထားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် ကိစ္စရပ်များ ၊ Crisis Management သင်တန်း ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးမည့်ခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)