ရန်ကုန် ၈ ဖေဖော်ဝါရီ

 

(၂၇)ကြိမ်မြောက် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း အထူးကုဆရာဝန်များ ညီလာခံကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

 

အဆိုပါညီလာခံသို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း အထူးကုဆရာဝန်များအပြင် ဗြိတိန်၊ ကိုရီးယား၊ အစ္စရေး၊ ထိုင်း၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံတို့မှ အထူးကုဆရာဝန်ကြီးများ ပါဝင်တက်ရောက်ကြသည်။

 

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကုဆရာဝန် (၂၃၀) ရှိပါတယ်။ ဒီထဲမှာမှ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်က (၁၈၇) ဖြစ်ပါတယ်။ (၄၃) ဦးကတော့ အငြိမ်းစားပါ။ ဒီအတွက်ဆရာဝန် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီညီလာခံကနေ အတွေ့အကြုံ ကောင်းတွေ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာချိုချိုဝင်းက ပြောသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ဗြိတိန်၊ ထိုင်းမလေးရှား၊ အိန္ဒိယနိုင်ငံ ပညာရှင်များက လည်ချောင်းဆိုင်ရာ ကုသနည်းများ၊ လေထုညစ်ညမ်းခြင်းနှင့် ဓာတ်မတည့် နှာခေါင်းယောင်ခြင်း၊ အကြားအာရုံကြော ချို့တဲ့သည့်ကလေးများ ဘာသာစကားတတ်မြောက်စေရန် ထောက်ပံ့နည်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ နှာခေါင်းဆိုင်ရာ စာတမ်းဖတ်ပွဲတွင် မှိုကြောင့်ဖြစ်တတ်‌သော ထိပ်ကပ်နာရောဂါ သတ်မှတ်ခြင်း၊ ဖြစ်ပွားရသော အကြောင်းရင်းနှင့် ကုသနည်းများအကြောင်းကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါညီလာခံ၌ သိုင်းရွိုက်ခွဲစိတ်နည်း၊ ရေဒီယိုလှိုင်းဖြင့် ကုသနည်းတို့ကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာ စာတမ်း (၈) စောင်၊ လည်ချောင်းဆိုင်ရာ စာတမ်း  (၇) စောင်၊ နားဆိုင်ရာစာတမ်း (၅)စောင်၊ နာခေါင်းဆိုင်ရာ စာတမ်း(၄) စောင်တို့ကိုလည်း ဖတ်ကြားကြ ကြောင်း သိရသည်။

 

အဆိုပါ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းအထူးကု ဆရာဝန်များ ညီလာခံကို ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အေကေလင်း