ရန်ကုန် ၈ ဖေဖော်ဝါရီ
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ ကမကထပြုပြီး ရုပ်ရှင်နှင့်ပတ်သက်သည့်ပညာရှင်များ၊ စိတ်ပါဝင်စားသူများ အချိန်ပေးဆောင်ရွက်ထားကြသည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ယနေ့ ဖွင့်လှစ်လိုက်သည့်အတွက် ရုပ်ရှင်လောကသားများနည်းတူ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
ပြတိုက်ဆိုသည်မှာ လူတစ်ယောက်ချင်းစီ၏ သမိုင်း၊ ကိုယ့်တိုင်းပြည်၏သမိုင်း စသည့် ကိစ္စရပ်များကို စုစည်းပြီး စနစ်တကျ ပြသထားခြင်းဖြစ်ရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါကြောင်း၊ သမိုင်းအစဉ်အလာကို ထိန်းသိမ်းရာ၊ တန်ဖိုးထားရာလည်း ရောက်ပါကြောင်း၊ ကိုယ်တန်ဖိုးထားသကဲ့သို့ လာရောက်ကြည့်ရှုသူများအတွက်လည်း စိတ်ဝင်စားစရာ၊ တန်ဖိုးထားစရာဆိုသည့် စိတ်ခံစားမှုမျိုး ဖြစ်ပေါ်စေပါကြောင်း၊ မြို့နယ်တိုင်းတွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်များတွင်လည်း ပြတိုက်ငယ်များထားရှိပြီး နေရာဒေသအလိုက် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုနှင့် အသုံးအဆောင်ပစ္စည်းများကို ပြသထားရှိပါကြောင်း၊ စာကြည့်တိုက်သို့ လာရောက်ကြသည့် လူငယ်များအနေဖြင့် ၎င်းပစ္စည်းများကို တန်ဖိုးထားရမည့် ပစ္စည်းများအဖြစ် သိရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း။
မိမိတို့တန်ဖိုးထားသည့် ပစ္စည်း၊ လက်ရာ၊ လုပ်ကိုင်ဆောင်ရွက်မှု အမှတ်သင်္ကတေများကို သိမ်းဆည်းပြီး ပြသခြင်းသည် အင်မတန် တန်ဖိုးရှိပါကြောင်း၊ ယင်းတို့ကို ကြည့်ရှုလေ့လာခြင်းဖြင့် ဗဟုသုတရရှိသကဲ့သို့ စိတ်ဓာတ်မြှင့်တင်ပေးသည်များလည်း ရှိပါကြောင်း၊ နိုင်ငံတကာတွင်လည်း သမိုင်းပြတိုက်များသည် ကိုယ့်လူမျိုး ကိုယ့်ဒေသ တစ်ခုချင်းစီ၏ သမိုင်းနှင့်တန်ဖိုးရှိသည့် အကြောင်းအရာများကို ထိန်းသိမ်းပြသကြပါကြောင်း၊ အခြားသူများကိုလည်း ထိန်းသိမ်းချင်သည့်စိတ် ဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ သင်ခန်းစာပေးသည့် သဘောမျိုးလည်း ရရှိပါကြောင်း၊ လေ့လာဆည်းပူးစရာ နေရာတစ်ခုလည်းဖြစ်ပါကြောင်း၊ သမိုင်းဝင်ပစ္စည်းများကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ်မွေးမြူပေးပါကြောင်း၊ စိတ်ဓာတ်တက်ကြွလာအောင်လည်း လုပ်နိုင်ပါကြောင်း။
ယနေ့ဖွင့်လှစ်သည့် ရုပ်ရှင်သမိုင်းပြတိုက်တွင် လွန်ခဲ့သည့် နှစ် ၁၀ဝ က မြန်မာ့ရုပ်ရှင်လောကကို ထူထောင်လာခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၊ မြန်မာ့ရုပ်ရှင်လောကတွင် ထင်ထင်ရှားရှား ပြောင်ပြောင်မြောက်မြောက် ဖန်တီးခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ဓာတ်ပုံပညာရှင်များ ပေါ်ထွန်းခဲ့မှုကို ခင်းကျင်းပြသထားသည်ဟု သိရှိရပါကြောင်း၊ သူ့ခေတ်သူ့ကာလအလိုက် အမြင့်မားဆုံး လုပ်ဆောင်ခဲ့မှုကို ပြသထားနိုင်သည်ဟု မြင်ပါကြောင်း၊ ထို့ကြောင့် ယင်းပြတိုက်ကို ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ ဥက္ကဋ္ဌနှင့်တကွ အမှုဆောင်များ၊ ပညာရှင်များ၊ လိုအပ်သည့်ရန်ပုံငွေများ ကူညီပံ့ပိုးပေးကြသူများ အားလုံးကို လေးစားချီးကျူးပါကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာ့ရုပ်ရှင် အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်သည် ရုပ်ရှင် နှစ် ၁၀ဝ ပြည့်နှစ်ဖြစ်ပါကြောင်း၊ နှစ် ၁၀ဝ ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင်နှင့်ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများကို စနစ်တကျပြသနိုင်ရန်အတွက် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တစ်ခုကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မင်္ဂလာရှိပါကြောင်း၊ ရန်ကုန်မြို့၌ ရုပ်ရှင်နှင့်ပတ်သက်ပြီး သမိုင်းပြတိုက် တစ်ခုရှိလာပြီဆိုသည့် အခြေအနေအား ပြည်သူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုအပ်ပါကြောင်း၊ နောက်တစ်ချက် အနေဖြင့် ခရီးသွားကဏ္ဍတွင် မိမိတို့၏ အမွေအနှစ်များကို မပြသနိုင်သေးခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့တွင် ပြသစရာများ၊ စိတ်ဝင်စားစရာများ အများကြီးရှိပါကြောင်း၊ သို့သော် မိမိတို့အမွေအနှစ်များကို မပြသထားနိုင်သည့်အတွက် ယင်းနေရာများကို လာရောက်ကြည့်ရှုရန် မသိရှိကြသည့် အခြေအနေတစ်ခု ဖြစ်ပါကြောင်း။
ပြတိုက်တစ်ခုဖွင့်ပြီဆိုလျှင် ယင်းပြတိုက်ကိုစဉ်ဆက်မပြတ် ရှင်သန်နေအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ယင်းပြတိုက်ကို အားလုံးလာနိုင်အောင် စီမံဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ နှစ် ၁၀ဝ ပြည့်ကို ဂုဏ်ပြုနိုင်မည့် မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ကြီးတစ်ခုကို ပြည်သူများကြားတွင် အမှတ်တရ ထင်ကျန်ခဲ့ရန် ကြိုးစားကြဖို့ လိုအပ်မည်ဟု ယူဆပါကြောင်း။
နောက်တစ်ချက်က အဆောက်အဦ ဖြစ်ပါကြောင်း၊ အဆောက်အဦမှာ သမိုင်းအမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်းနိုင်မည့် အခြေအနေတစ်ခုကို ပြသနေသည့် အခြေအနေတစ်ခုဖြစ်ပါကြောင်း၊ ယင်းအဆောက်အဦကို မိမိတို့က မြို့ပြ အမွေအနှစ် ပုံစံဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး ပြတိုက်ကြီးကို ရေရှည်တည်တံ့ခိုင်မြဲပြီး မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ နိုင်ငံတကာမှ လာရောက်သည့်သူများ လေ့လာနိုင်သည့် ပြတိုက်တစ်ခုဖြစ်အောင်၊ ရန်ကုန်၏ အမှတ်သင်္ကတေ တစ်ခုအနေဖြင့် လာရောက်လည်ပတ်သည့်သူများ သွားရောက်ကြည့်ရှုစရာနေရာတစ်ခုဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက်လည်း တိုင်းဒေသကြီးအစိုးရဘက်မှ မည်သို့ ပံ့ပိုးကူညီပေးနိုင်မည်ကို စဉ်းစားမည်ဖြစ်ပါကြောင်း။
ယနေ့ သမိုင်းအမွေအနှစ်တစ်ခုကို ပြည်သူများအား ပြသနိုင်ရန် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြတိုက်ကြီးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ပေးကြသည့်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊ နှစ် ၁၀ဝ ဖြတ်သန်းခဲ့သည့် ရုပ်ရှင်နယ်ပယ်မှ ပေးဆပ်သွားကြသည့်သူများ၊ ကြိုးပမ်းခဲ့ကြသူများကို ဦးညွတ်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ ဖြစ်ကြသည့် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်နှင့် ဒါရိုက်တာ ဦးအောင်မြင့်မြတ် တို့က ဖဲကြိုးဖြတ်ပေးလှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲ အခမ်းအနား မစတင်မီ မြန်မာ့ရုပ်ရှင် နှစ် ၁၀ဝ ပြည့်အခမ်းအနား ကျင်းပနိုင်ရန်အတွက် မဟာနှင့် Bella ကုမ္ပဏီက အလှူငွေကျပ် သိန်း ၁၀ဝ ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းသည်။
အဆိုပါ အခမ်းအနားနှင့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ရုပ်ရှင်လောကသားများ၊ ဖိတ်ကြားထားသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ရာမှ ယခုအခါ ပြတိုက်အဆောက်အဦးအား အကြီးစားပြင်ဆင် မွမ်းမံခဲ့ပြီး ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတုပြခန်း၊ ရာပြည့်ပြခန်း၊ ရုပ်ရှင်စက်မှု ပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်းတို့အပြင် ရုပ်ရှင်အထောက်အကူပြုပြခန်းနှင့် ကာတွန်း ရုပ်ရှင်ပြခန်းတို့ဖြင့် စုဖွဲ့ပြင်ဆင်ကာ စနေနေ့၊ တနင်္ဂနွေနေ့နှင့် အများပြည်သူရုံး ပိတ်ရက်များတွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်