ရန်ကုန် ၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဇန်နဝါရီ (၃၁) ရက်မှစတင်ကာ မြန်မာ-ထိုင်း နယ်စပ်အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာခြင်းစသည့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။
ဖေဖော်ဝါရီ (၁) ရက်တွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကောမတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့ပူးပေါင်းပြီး နိုဗယ်ကိုရိုနာဗိုင်းရက်စ်အကြောင်း သိကောင်းစရာဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊မြို့နယ်၊ မြစ်ကြီးနား တက္ကသိုလ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ ဝိုင်းမော်မြို့နယ်တို့မှ ကြက်ခြေနီ စေတနာလုပ်အား ရှင်များနှင့်ကချင်အထူး စီမံချက်မှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဖေဖော်ဝါရီ (၂) ရက်တွင် မိတ္ထီလာခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်တွင် လူမှုကူညီရေးအသင်းများ၊ ရပ်ဖများနှင့်အတူ နိုဗာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိညာပေးလက်ကမ်း စာစောင်နှင့် နှာခေါင်းစည်းများကို ရပ်ရွာလူထုများ အားပေးဝေခြင်းတို့ဆောင်ရွက်ကြသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မှူးဦးဆောင် သောကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရောဂါကာကွယ်ရေး အသိညာပေး လက်ကမ်းစာစောင်များကို ရပ်ရွာလူထုများအား ပေးဝေခြင်းတို့ကို ဆောင်ရွက်သည်။
ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်း ခွဲမြို့နယ်တပ်ဖွဲ့မှူး ဉီးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီ(၂)ရက်မှ စတင်ကာ ပြင်ဦးလွင် တိုးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းစသော ရောဂါကာကွယ်ရေး လုပ်ငန်းများအားလည်းကောင်း ဆောင်ရွက် လျက်ရှိပြီး ဖေဖော်ဝါရီ ၅ ရက်တွင် မွန်ပြည်နယ်သံဖြူဇရပ် တပ်နယ်တွင် တပ်မတော်သားများနှင့် မိသားစုဝင်များအား နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များမှ ပူးပေါင်းကူညီဆွေးနွေးခဲ့ကြသည်။
ဖေဖော်ဝါရီ (၆)ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးခွဲရှိ အရေးပေါ် ကွပ်ကဲရေး စင်တာအစည်းအဝေးခန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဦးဆောင်၍ 2019 Novel Corona Virus နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်နှင့် ညွှန်ကြားရေးမှူးများ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းနှင့် မိတ်ဖက်ကြက်ခြေနီ အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဖေဖော်ဝါရီ(၆)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းကာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း၊ သဲတောတွင် ကျင်းပခဲ့ရာ လက်ဆေးခြင်းအကြောင်း သိကောင်းစရာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ကြပြီးအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြသည်။
အလားတူ မြို့ပေါ်ရှိအ.ထ.က (ဝမ်းတွင်း)၊ အမှတ်(၁) အ.ထ.က(ခွဲ)နှင့် အခြေခံပညာ မူလတန်း/အလယ်တန်းကျောင်းများတွင် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဖေဖော်ဝါရီ (၇) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတမူးမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ခရိုင်တပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းကာ အိန္ဒိယနိုင်ငံဘက်မှ တမူးမြို့ နန်းဖာလုံဈေးသို့ ဈေးဝယ်လာရောက်ကြသူများအား ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် တိုင်းတာခြင်းစသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူကာတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အား ရှင်များသည်သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပြည်သူလူထုနှင့်အတူ ပူးပေါင်းကာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်