ရန်ကုန် ၈  ဖေဖော်ဝါရီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုဝန်ကြီး ဧည့်ရိပ်သာခန်းမ၌  ကျင်းပခဲ့သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၁၂/၂၀၂၀) သို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအချိန်၌ မိမိတို့သည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် လည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဌာနများနှင့် လည်းကောင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လက်ခံနိုင်ဖွယ်ရှိသည့် အဆင့်သို့ရောက်ရှိနေသည်ဟု သုံးသပ်နိုင်ပါကြောင်း၊ ယခုအချိန်၌ အားဖြည့်ဆောင်ရွက်ရန်မှာ အထူးအရေးကြီးသည့် ကိစ္စရပ်မှာရောဂါ ဖြစ်ပွားသူများ ရုတ်တရက် များပြားစွာ ပေါ်ပေါက်လာပါက ၎င်းတို့အား အချိန်နှင့်တစ်ပြေးညီ စောစီးစွာဖြင့် အရည်အသွေးပြည့်ဝသော ကုသမှုများပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်ဖြစ်ပါကြောင်း၊ ဝေဘာဂီအထူးကုဆေးရုံအပါအဝင် ဝန်ကြီးဌာနဆေးရုံများ၌ လူနာများပေါ် ပေါက်လာပါက အရေးပေါ်ကြပ်မတ်ကုသမှု၌ အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာ များကို လုံလောက်စွာရှိစေရန်နှင့် အဆင်သင့်ဖြစ်စေရန် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်အတွက် မိမိတို့လက်ဝယ်ရှိနေသော ပြည်သူများမှလှူဒါန်းငွေများ အပြင် နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသောအရေးပေါ်ရန်ပုံငွေမှ အမြန်ဆုံး ဝယ်ယူဖြည့်တင်းလျက်ရှိနေပါကြောင်း။

 

ဝန်ကြီးဌာနဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်ဒေသများအားလုံးမှ ဝန်ထမ်းများသည် နှီးနွှယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကြိုးပမ်း ဆောင်ရွက်နေမှုများကို သုံးသပ်ကြည့်ရှုရာ ကျေနပ်မှုရှိပါကြောင်း၊ ရန်ကုန်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ဖေဖော်ဝါရီ ၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထွက်ခွာလာသော လေယာဉ်(၂) စီးမှ ခရီးသည် စုစုပေါင်း(၁၁၇)ဦးသာ ဝင်ရောက်လာခြင်းသည် ယခင်ကထက် သိသာစွာ လျော့နည်းသွားခြင်းဖြစ်ပြီး ယခုကဲ့သို့ ရောဂါပြန့်ပွားကူးစက်မှု ဖြစ်ပေါ်နေသော ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်မှု ရှုထောင့်မှကြည့်လျှင် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းခရီးသည်များ တည်းခိုနေထိုင်သည့် ဟိုတယ်၊ တည်းခိုခန်းများသို့ ရောဂါစောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာမှ ခရီးသည်များ၏ ရာခိုင်နှုန်းများစွာသည် ၎င်းတို့ ယခင်ကတည်းက ငှားရမ်း ထားသည့်အိမ်များသို့  သွားရောက်နေထိုင်သည်ကို တွေ့ရှိရပါကြောင်း။

 

မိမိတို့၏ ဝန်ထမ်းများသည် ထိုသို့ နိုင်ငံတကာမှ ပြည်တွင်းသို့ဝင်ရောက်လာသူများ နေထိုင်ရာရပ်ကွက်များ၌ ပညာပေးလုပ်ငန်းများ ပြုလုပ်လျက်ရှိသည်ကိုလည်း တွေ့ရှိရသဖြင့် ကျေနပ်မှုရှိပါကြောင်း၊ မိမိတို့၏ ဝန်ထမ်းများအနေဖြင့် တည်းခိုခန်းနှင့် ဟိုတယ်များမှ ဝန်ထမ်းများအား “ရောဂါ၏ သံသယလက္ခဏာများရှိသူများ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားရန်မှာ အထူးအရေးကြီးကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားသူမှ တည်းခိုခန်းနှင့် ဟိုတယ်ဝန်ထမ်းများ အပါအဝင် အခြားသူများထံ ရောဂါကူးစက်ပြန့်ပွားခြင်းကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း” တို့ကို အမြဲတမ်းအသိပေးနှိုးဆော် ပြောကြားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ပြုစုပြီးဖြစ်သည့် တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လာရောက်သူများ တည်းခိုရာ၊ နေထိုင်ရာနေရာများနှင့် ရပ်ကွက်များတွင် ဖြန့်ဝေ ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့ဖြန့်ဝေထားပြီးသော ကျန်းမာရေးအသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များအား ပြည်သူလူထုမှ ဖတ်ရှုမှု၊ နားလည်မှုရှိနှင့် အမှန်တကယ် လက်တွေ့အသုံးချဆောင်ရွက်မှု အခြေအနေများကို အသုံးချသုတေသနဖြင့် ရက်ပိုင်းအတွင်း သိရှိရန် ဆောင်ရွက်ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ တွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သလို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ယခု အချိန်၌ ဤရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ များစွာသော လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်နေမှုရှိသဖြင့် စနစ်တကျ တာဝန်ခွဲဝေသတ်မှတ်၍ ဆောင်ရွက်မှသာလျှင် ထိရောက်သော အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဤကိစ္စကို ဗဟိုနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများမှ ကြီးကြပ်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် ဤရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၅ ရက် မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တွေ့ရှိရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကိုအမြန်ဆုံး (၃) ရက်အတွင်း ဆန်းစစ်ကာ မိမိတို့ ဗဟိုအဖွဲ့ထံ တင်ပြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လိုအပ်သောပြုပြင်မှု၊ လုပ်ငန်းလမ်းညွှန်မှု များကို ချက်ချင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုရှိသော ပြည်ပနိုင်ငံများမှ လာရောက်သူများအား ခွဲခြား၍ ဆက်ဆံခြင်းများ (stigmatization) များမရှိစေရန်မှာ အလွန်အရေးကြီးပါကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံမှုများသာ ဤရောဂါကာကွယ်ထိန်းချုပ်မှု၌ အကျိုးမရှိသည့်အပြင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနိုင်သည်ကို ပြည်သူများမှ သိရှိရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သက်ဆိုင်ရာ မြို့နယ် ဆရာဝန်များမှ ဦးဆောင်၍ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သူနာပြု၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) များသည် သက်ဆိုင်ရာမြို့နယ် အတွင်း၌ရှိသော ဟိုတယ်နှင့် တည်းခိုခန်းများ၊  အခြားနိုင်ငံမှ လာရောက်သူများ အများဆုံးနေထိုင်သည့် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ဤကိစ္စရပ်သည် ရောဂါဖြစ်ပွားသူများကို စောစီးစွာထောက်လှမ်းနိုင်ရေးအတွက် အရေးကြီးသဖြင့် အထူးဦးစားပေးအနေဖြင့် ယနေ့မှစ၍ မြို့နယ်ဆရာဝန်များကို တာဝန်ပေးအပ်ဆောင်ရွက်စေလိုပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်ဆရာဝန်များ၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများလုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို  တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှ ဦးစီး၍ အနီးကပ် ညွှန်ကြားဆောင်ရွက်စေလိုပါကြောင်း၊ ကွန်ပျူတာဖြင့် မျှော်မှန်းတွက်ချက်ခြင်း လုပ်ဆောင်ရာ၌ ဤရောဂါဖြစ်ပွား သူတစ်ဦးထံမှ အခြားဖြစ်ပွားနိုင်ခြေရှိသူများထံ ကူးစက် ပျံ့နှံ့နိုင်မှုအခြေခံနှုန်း (အာရ်သုည) တန်ဖိုးသည် အခြားကူးစက်မြန် ရောဂါများထက် မြင့်မားနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတွက် ရောဂါဖြစ်ပွားမှု သံသယရှိသူများအား အခြားသူများနှင့် ထိတွေ့မှုမှရှိစေဘဲရောဂါ ဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုမှုမှာအရေးကြီးပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများကို အထူးသဖြင့် ပြောကြားလိုသည်မှာ ရောဂါဖြစ်ပွားမှုရှိ၊ မရှိကို(၁၄) ရက်တာကာလ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) နှင့် သီးခြားခန်းတွင် ထားရှိခြင်းသည် ဤရောဂါကာ ကွယ်ထိန်းချုပ်မှု၌ အကျိုးရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း။

 

ထိုသို့ရောဂါဖြစ်ပွားမှုရှိ၊ မရှိစောင့်ကြပ်ကြည့်ရှုခြင်းခံရသူတွင် အကယ်၍ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း ကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန် သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှ တစ်ဆင့် အတူနေထိုင်သော မိသားစုများနှင့်မိတ်ဆွေများထံသို့ ကူးစက်မှုမဖြစ်ပွားနိုင်တော့ သဖြင့် အားလုံးအတွက် အကျိုးရှိသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ စောင့်ကြည့်လူနာများတွင် 2019-nCoV ရောဂါပိုးရှိ၊ မရှိဓာတ်ခွဲစမ်းသပ်မှု၌ ဤရောဂါပိုးမရှိသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသော သူများအားလည်း လိုက်နာဆောင်ရွက်ရမည့် အချက်များကို နှုတ်ဖြင့် ပြောကြားသည့် အပြင် လက်ကမ်းစာစောင်ကိုလည်း ပြုစုထားရှိပြီး ပေးဝေလျက်ရှိပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံး လုပ်နည်းများကိုပြုစုထုတ်ဝေ၍ ဖြန့်ဝေလျက်ရှိရာ ဤလမ်းညွှန်များကိုတိုင်းဒေသကြီး၊ ပြည်နယ်နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များ၌ ဆောင်ရွက်ရန် ကိစ္စကိုသက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူများက စီမံကြပ်မတ်၍ ဆောင်ရွက်စေလိုပါကြောင်း။

 

မိမိတို့ ဝန်ကြီးဌာနမှ ထုတ်ဝေထားသော ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးနှင့် ဓာတ်ခွဲနမူနာရယူခြင်း လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ စံလုပ်ထုံးလုပ်နည်းများကိုလည်း အချိန်နှင့် တစ်ပြေးညီသုံးသပ်၍ လိုအပ်လျှင်လိုအပ်သလို ပြုပြင်ထုတ်ဝေရမည်မှာ ရောဂါဗေဒဆိုင်ရာ သဘောတရားနိယာမအရ အလွန်အရေးကြီးပါသဖြင့် တာဝန်ရှိသူ အသီးသီးက ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ မြို့နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူလူထု နားလည်နိုင်မည့် သတင်းအချက်အလက်များကို မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိမြို့နယ်များတွင် အသိပညာပေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်းနှင့် အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း။

 

5

 

မိမိတို့ လုပ်ဆောင်ထားရှိသည့် အချက်များကို နေ့စဉ်မှတ်တမ်းထားရှိပြီး ဆောင်ရွက်ချက်ပြီးစီးမှုရှိ၊ မရှိကိုလည်း အမြဲတမ်းကြီးကြပ်ဆန်းစစ်၍ လိုအပ်သလိုဆက်လက် ဆောင်ရွက်စေလိုကြောင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပံ့ပိုးရန် ကတိပြုထားသော နယ်စပ်၊ ဝင်ပေါက်/ထွက်ပေါက်များတွင် အသုံးပြုသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသည့် ရောဂါပိုးရှာဖွေရန် ဓာတ်ခွဲပစ္စည်းများနှင့် ဆေးရုံများတွင် အသုံးပြုရန် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ၊ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် သံသယ လူနာနှင့် စောင့်ကြည့် လူနာများတွေ့ပါက လူနာညွှန်းပို့ရမည့် သတ်မှတ်ဆေးရုံများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ သိရှိစေရန်အတွက် ကြိုတင်အကြောင်းကြားထားရမည်ဖြစ်ပါကြောင်း။

 

ဆေးရုံကြီးများအနေဖြင့် ရောဂါကုသရေးလုပ်ငန်းရှုထောင့်နှင့်ပတ်သက်ပြီး မိမိတို့ ဆေးရုံတွင် ပြင်ဆင်ထားရှိမှုများ၊ လိုအပ်ချက်များနှင့် နယ်စပ်ဒေသများရှိ ဆေးရုံများတွင်ထားရှိရန် ထပ်မံလိုအပ်မည့် ပစ္စည်းကိရိယာများကို အမြန်ဆုံးတင်ပြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ယခုမြန်မာနိုင်ငံမှ 2019-nCoV လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ရှိ၊ မရှိရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့သော ဓာတ်ခွဲနမူနာများအနက်(၇)ခုမှာ 2019-NCoV ရောဂါပိုးမတွေ့ရှိဟု အဖြေရရှိပြီး ကျန်ရှိသော ဓာတ်ခွဲနမူနာများအတွက် အဖြေစောင့်ဆိုင်းဆဲဖြစ်ပါကြောင်း၊ ဆက်လက်ပေးပို့မည့် ဓာတ်ခွဲနမူနာများအတွက် ချိန်ကိုက်နမူနာရယူမှုများ ပိုမိုတိကျမှန်ကန်ရန်အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းထံမှ အကြံဉာဏ်များ အမြန်ဆုံးရယူစေလိုပါကြောင်း။

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လုပ်ဆောင်ချက်များကို ဖတ်ရှုရလွယ်ကူစေရန် အကျဉ်းချုံးပြုစု၍ အခြားတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသို့ ပေးပို့စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ အားလုံးကို ယခုလုပ်ဆောင်နေသော လုပ်ငန်းများသည် ပြည်သူများအားလုံးအတွက် အကျိုးအတွက် ဆောင်ရွက်နေသည်ကို နှလုံးသွင်း၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဌာနခွဲ၊ ကုသရေး၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန စသည့်ဌာနခွဲနှင့် ကဏ္ဍများမှ တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှသုံးသပ်ချက်များ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဝင် ထွက်ပေါက်များမှဝင်ထွက်သွားလာမှု စာရင်းဇယားများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှု ဆောင်ရွက်မှုအချက်အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများ၊ သံသယလူနာများနှင့် စောင့်ကြပ်ကြည့်ရှုလူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန)၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး(ရန်ကုန်ဆေးရုံကြီး) ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပါမောက္ခချုပ်(ပြည်သူ့ကျန်းမာရေး တက္ကသိုလ်)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။

 

(သတင်းစဉ်)