ရန်ကုန် ၈  ဖေဖော်ဝါရီ

 

(၆) ကြိမ်မြောက် မြန်မာနိုင်ငံအစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည်ဆိုင်ရာ ဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံတွင် အစာအိမ်အူလမ်းကြောင်းရောဂါနှင့် အသည်းရောဂါများ ဖြစ်ပွားမှုသည် များပြားလျက်ရှိပြီး ရောဂါဖြစ်ပွားသူများတွင် ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်းနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်ပွားရုံသာမက ရောဂါဖြစ်ပွားသူများ၏ မိသားစုများတွင်လည်း ထိခိုက်ဆုံးရှုံး မှုများခံစားရပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတကာနှင့် ပြည်တွင်းမှ ဆေးပညာရှင်များမှ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဆေးပညာရပ်များ၊ လက်တွေ့အတွေ့အကြုံများနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်သဖြင့် ပညာရပ်ကျွမ်းကျင်မှုပိုင်းဆိုင်ရာများ ပိုမိုမြင့်မားလာမည်ဖြစ်ပါကြောင်း။

 

အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ကုသရေးသာမက ရောဂါကာကွယ်ရေး လုပ်ငန်းများ သည်လည်း ညီတူညီမျှအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ မွေးဖွားပြီး (၂၄) နာရီအတွင်း အသည်းရောင်အသားဝါ (ဘီ) ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပါပြီး အဆိုပါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံမှုအားကောင်းစေရေး ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ အသည်းရောင်အသားဝါ(ဘီ) ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းခြင်းဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါများ ဖြစ်ပွားမှုများကျ ဆင်းလာမည်ဖြစ်ပါကြောင်း။

 

ကလေးငယ်များဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်သည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကိုလည်း ယခုလအတွင်း တစ်နိုင်ငံလုံး စတင်တိုက်ကျွေး လျက်ရှိပြီဖြစ်၍ ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများလည်း လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် နှစ် (၂၀) ကာလအတွင်း အဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုများဖြင့် ပညာရပ်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုများ၊ သင်တန်းများ များစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း။

 

မြန်မာနိုင်ငံမှ အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါဆိုင်ရာ အငြိမ်းစား ဆေးပညာရှင်များနှင့် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးပညာပါရဂူဘွဲ့ရရှိသူ (၄၀)၊ အသည်းရောဂါ ဆေးပညာပါရဂူဘွဲ့ရရှိသူ (၂၀) အပါအဝင် မျိုးဆက်သစ်ဆေးပညာရှင်များအနေဖြင့် စုစည်း ညီညွတ်စွာဖြင့် ပညာရပ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအဖြစ် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်း လက်တွေ့သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းသည်ကောင်းမွန်ပါကြောင်း၊

 

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါကုသရေးလုပ်ငန်းများတွင် ဆရာဝန်များ သာမက သူနာပြုများနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း၊ အဆိုပါပညာရှင်များပညာရပ်ကျွမ်းကျင်မှု စွမ်းဆောင်ရည်မြင့်မားရေး ကိစ္စရပ်များကိုလည်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုဆေးပညာနှီးနှောဖလှယ်ပွဲ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သော “ရည်ရွယ်မျှော်မှန်းချက်များ ဝေမျှကာ အနာဂတ် ပုံဖော်ဆောင်ရွက်မှာ’’ နှင့်အညီ မိမိတို့ ဆေးပညာဘာသာရပ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများ၊ ရည်ရွယ်မျှော်မှန်းချက်များ ဝေမျှဆွေးနွေးကာ ရေရှည်ကာလအတွက်မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားရန် များစွာအထောက်အကူပြုသည် ဖြစ်ပါ၍ အခြားဆိုလို ကက်လုပ်ကြ စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၀၁၆) ခုနှစ်၊ ဧပြီမှ ယခုဘဏ္ဍာနှစ်အထိ ကျပ်ငွေသန်း (၆,၀၀၀) ကိုခွဲဝေချထားပေးခဲ့ပါကြောင်း။

 

ယခုဆေးပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဆေးပညာရှင်များအကြား ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုများ ကောင်းမွန်စေလိုပြီး ကုထုံးဆိုင်ရာသုတေသနများ၊ နိုင်ငံ တကာမှ ဆေးရုံများ၊ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပေါင်းစုံ လေ့လာမှု သုတေသနများကိုလည်း လုပ်ဆောင်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာမှ အခြေခံကျန်းမာရေး ဝန်ထမ်း ပညာရှင်များထံ Mobile Tablet များ ဖြန့်ဝေပေးကာ ပြည်သူများအတွက် ကျန်းမာရေး စကားဝိုင်းများ ပြုလုပ်ကာ ကျန်းမာရေးအသိပညာ မြှင့်တင်မှုများဆောင်ရွက် လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံ အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆရာဝန် အသင်းမှ အခြားပညာရပ်ဆိုင်ရာအဖွဲ့များ၊ မြန်မာနိုင်ငံဆေးပညာရှင်အသင်းတို့နှင့် ပူးပေါင်း၍ အမှတ်ပေးမှတ်တမ်းတင်သည့် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်များကို ပိုမို လုပ်ဆောင် သွားစေလိုပါကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ အစာအိမ်၊ အူလမ်းကြောင်း ရောဂါဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန်နှင့် အသည်းရောဂါဘုတ်အဖွဲ့ အသိအမှတ်ပြု အထူးကုဆရာဝန်များအဖြစ် မွေးထုတ်လေ့ကျင့်နိုင်ရေးအတွက်ကိုလည်း စဉ်းစားဆောင်ရွက် ကြစေလိုပါကြောင်း။

 

ယခုဆေးပညာနှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးပို့ချမှုများကို မြန်မာနိုင်ငံအရပ်ရပ်ရှိ ဆေးပညာရှင်များ သိရှိလေ့လာနိုင်ရန်အတွက် ရုပ်သံမှတ်တမ်းရိုက်ကူးကာ မြန်မာနိုင်ငံဆရာဝန် အသင်းမှတစ်ဆင့် ဖြန့်ဝေပေးသွားစေလိုပါကြောင်း၊ အငြိမ်းစားဆေးပညာရှင်များ၊ မျိုးဆက်သစ် ဆေးပညာရှင်များ၊ ဆေးနှင့် ဆေးနှီးနွှယ်အသင်းအဖွဲ့များအားလုံး လက်တွဲပူးပေါင်း၍ ပြည်သူများတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါဖြစ်ပွားမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါအဖွဲ့မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသိန်းမြင့် နှင့် ဆေးပညာနှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာနွယ်နီတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံအစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်း ရောဂါအဖွဲ့ ဥက္ကဋ္ဌ၊ ဆေးပညာနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ဆေးပညာနှီးနှောဖလှယ်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

58

 

အဆိုပါ ဆေးပညာနှီးနှောဖလှယ်ပွဲသို့ ဩစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ကနေဒါ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှား၊ နယ်သာလန် ၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့မှ ပညာရှင် စုစုပေါင်း (၄၀၀) ခန့် တက်ရောက်သွားမည်ဖြစ်သည်။

 

(သတင်းစဉ်)