ကျိုက်မရော ၉ ဖေဖော်ဝါရီ
မွန်တိုင်းရင်းသားတို့၏ အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ဖြစ်သော (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးအတွင်းရှိ မွန်အမျိုးသားနေ့မဏ္ဍပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်တိုင်းရင်းသားလူမျိုးများက မွန်အမျိုးသားအလံတော်အား ကြိုက်မရောမြို့စက်လမ်းဝရှိ ရွှေဟင်္သာရုပ်တုအဝိုင်းမှ စီတန်းလှည့်လည်ကာ မွန်အမျိုးသားနေ့ ကျင်းပမည့် စင်မြင့်ထက်ရှိ အလံတိုင်၌ စိုက်ထူကာ နံနက် ၇ နာရီတွင် မွန်အမျိုးသားအလံကို လွှင့်ထူခဲ့ကြသည်။
ထို့နောက် ဘုရားကြီးကျောင်းတိုက်၏ ဉီးစီးပဓာန နာယကဆရာတော် နိုင်ငံတော်သံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဘဒ္ဒန္တဝါရီန္ဒ ဆရာတော်ဘုရားကြီးမှ ကြီးမှူး၍ ဆရာတော်သံဃာတော်များအား တပည့်ဒါယကာ ဒါယိကာမများမှ စုပေါင်း၍ နံနက်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံမှ ပေးပို့သော (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာကို မွန်တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် မွန်တိုင်းရင်းသားရိုးရာ အကပဒေသာများ၊ မွန်ရိုးရာ အစားအစာများဖြင့် ကျွေးမွေးဧည့်ခံ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)