တွံတေး ၉ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ခတ္ထိယတိုက်နယ်၊ ခတ္ထိယကျေးရွာတွင် စံကိုက်တိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊ တွံတေးမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှတို့မှ အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် ခတ္ထိယကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ဆေးရုံသစ်အတွက် လှူဒါန်းသော အလှူရှင်များအား တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် စံကိုက်တိုက်နယ်ဆေးရုံဖွင့်ပွဲကို မုခ်ဦးရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဆေးရုံသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဆေးရုံသစ်ကြီး ပြီးစီးသွားသည့်အတွက် ခတ္ထိယတိုက်နယ်ရှိ ကျေးရွာများသာမက နယ်နိမိတ်ထိစပ်လျက်ရှိသော ညောင်တုန်း၊ မအူပင်၊ ထန်တပင်မြို့နယ်များမှလည်း လာရောက် ဆေးကုသနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)


