၉  ဖေဖော်ဝါရီ

ဘေဘီလေးက ရေနွေးကြမ်း သောက်ရင်လည်း ပါးစပ်ပြင်နေတယ်၊ ကော်ဖီသောက်သောက် လက်ဖက်ရည်သောက်သောက် သောက်ချင်တဲ့ပုံပေါက်နေတယ်။ လက်ဖက်သုပ်ဆိုလည်း စားချင်နေသလိုပဲ။ ကျွေးလို့ရမလား။ ရေနွေးကြမ်းလောက်တော့ တိုက်လို့ရမယ် ထင်တယ်နော်ဆိုတဲ့ မေမေဖေဖေတွေ ရှိလား။ ဒါဆိုရင်တော့ ဘေဘီလေးကို ကဖင်းပါတာတွေ မကျွေးခင်မှာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေးက ကဖင်းနဲ့မတည့်ဘူးလား

ကဖင်းက စိတ်ကို လန်းဆန်းစေတာမှန်ပေမယ့် ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက်တော့ မသင့်တော်ပါဘူး။ ကဖင်းက အရမ်းများလာရင် ကလေးမပြောနဲ့ လူကြီးတွေကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ဉာဏ်ရည် ထက်မြက်စွာ ကြီးပြင်းလာစေချင်တယ်ဆိုရင် အသက် ၁၂ နှစ်မပြည့်မချင်း ကော်ဖီအပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေကို မတိုက်သင့်ပါဘူး။

ကဖင်းပါတဲ့အရာတွေက ဘာတွေများလဲ

ကဖင်းပါတဲ့အရာတွေက အများကြီးရှိနိုင်ပါတယ်။

•    လက်ဖက်ရည်
•    ကော်ဖီ
•    ရေနွေးကြမ်း
•    ချောကလက်
•    အားဖြည့်အချိုရည်
•    ကိုလာ
•    လက်ဖက်သုပ် စတာတွေမှာ ကဖင်းပါပါတယ်။

ကဖင်းက လန်းဆန်းစေတာ မဟုတ်ဘူးလား

ကဖင်းက အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးပါ။ လူကြီးတွေမှာရော ကလေးတွေပါ ကဖင်းများတဲ့အခါ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကို ကဖင်း နဲ့ မိတ်ဆက်ပေးလိုက်မိတဲ့အခါမျိုးမှာ
•    ကတုန်ကယင်ဖြစ်မယ်
•    အာရုံစူးစိုက်ရခက်မယ်
•    ခေါင်းကိုက်မယ်
•    စိတ်ရှုပ်ထွေးမယ်
•    အိပ်မပျော်တာမျိုးဖြစ်မယ်
•    သွေးတိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကလေးတွေမှာတော့ ဦးနှောက်နဲ့ အာရုံကြောတွေ ဖွံ့ဖြိုးမှုကို ထိခိုက်လာစေနိုင်ပါတယ်။

ဘေဘီလေးတွေကို ကဖင်းမတိုက်သင့်တဲ့ အကြောင်းအရင်း

ဘေဘီလေးကို ကဖင်း တိုက်မိတဲ့အခါ

•    ဘေဘီလေးတွေကို ချစ်လို့ဆိုပြီး ကော်ဖီခွံ့တာ၊ လက်ဖက်ရည်ခွံ့တာမျိုးမလုပ်ပါနဲ့။ ဒါတွေအပြင် ကလေးကို အချိုရည်တိုက်တာကလည်း မသင့်တော်ပါဘူး။ အကြောင်းက အချိုရည်တွေထဲမှာလည်း ကဖင်း ပါနေနိုင်တာကြောင့်ပါ။ ဒီလိုတိုက်ကျွေးမှုက ကလေးကို အဝလွန်စေနိုင်ပါတယ်။

•    ကဖင်းက ကယ်လ်လိုရီပါဝင်မှုမရှိသလို ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း မပါပါဘူး။ ဒါ့အပြင် ကဖင်းက အရိုး နဲ့ သွားတွေ ကြံ့ခိုင်ကျန်းမာစေနိုင်မယ့် ကယ်လ်စီယမ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။

•    ကော်ဖီ၊ လက်ဖက်ရည်တို့မှာ အချိုဓာတ်ကပါနေပြီးသားပါ။ ဒီအချိုဓာတ်များ တာက သွားကြွလွှောတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

•    ကဖင်းပါတဲ့ သောက်စရာတွေက ဆီးခဏခဏသွားစေနိုင်တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။

•    ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ ကဖင်းက အာရုံစူးစိုက်မှုကို ခက်ခဲစေပြီး ကလေးရဲ့ မှတ်ဉာဏ်တည်ဆောက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရတဲ့ မေမေတွေအနေနဲ့ ကော်ဖီအပါအဝင် ကဖင်းပါတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ ဘေဘီလေးက ကော်ကော်လို့ ပြောနေရင်တောင်မှ မတိုက်ပါနဲ့။ အသက် ၁၂ နှစ်ပြည့်ပြီးမှတိုက်ပါ။ ဒါတောင်မှ တစ်နေ့ကို တစ်ခွက်လောက်ပဲတိုက်ပေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် စိတ်ကို လန်းဆန်းစေပေမယ့် အရမ်းများရင်တော့ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ဘေဘီလေးကို ကဖင်းနဲ့ မမိတ်ဆက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”