မြစ်ကြီးနား ၉ ဖေဖော်ဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ကချင်လူမျိုးရိုးရာယဉ်ကျေးမှု မနောပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ရာ လူငယ်များသီးသန့်မနောအက ထည့်သွင်းကျင်းပခဲ့သည်။

အခမ်းအနားတွင် မနောပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကင်ရောတန်ဂွမ်းက လူငယ်များအား အားပေးစကားများ ပြောကြားပြီး မနောအကဖွင့်ပွဲအတွက် ဆုတောင်းခံခြင်းများပြုလုပ်ကာ အဖွဲ့ခေါင်းဆောင်များကဦးဆောင်၍ မနောကွင်းအတွင်းသို့ ဝင်ရောက် မနောအကများ စုပေါင်းကပြခဲ့ကြသည်။

ကချင်လူမျိုးရိုးရာယဉ်ကျေးမှု မနောပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် လူငယ်များသီးသန့်မနောအကကို ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ကချင်မျိုးနွယ်စုဝင်များဖြစ်ကြသည့် လချိတ်၊ ဂျင်းဖော၊ လီဆူ၊ လော်ဝေါ်၊ ဇိုင်ဝါး၊ ရဝမ်တိုင်းရင်းသား လူငယ်များနှင့်အတူ ဘွဲ့ရမောင်မယ်များ၊ ကျောင်းသားကျောင်းသူများ အပါအဝင် ဖိတ်ကြားထားသည့် လူငယ်များ ပါဝင်မနောက ကပြခဲ့ကြသည်။
ဝင်းနိုင်(ကချင်မြေ)