ဒီးမော့ဆို ၉ ဖေဖော်ဝါရီ           

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် ကျင်းပပြုလုပ်သည့် (၆၆) နှစ်မြောက် လွိုင်ကော်ကက်သလစ်သာသနာ၊ သာသနာလုံးဆိုင်ရာ ဆုတောင်းပြည့် လုဒ်သခင်မ (ဆော်ဘော့သ) ယူဆမိုဆို မယ်တော် လိုဏ်ဂူပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲ အခမ်အနားကို ယနေ့ နံနက် ၁၁ နာရီခွဲက ယူဆမိုဆိုကျေးရွာ တိုက်နယ်ဓမ္မာရုံ၌ ကျင်းပသည်။

 

မိတ်ဆုံစားပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကျေးရွာများ လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားရာ ဒေသခံ ပြည်သူတစ်ဦးက ဘုရားဖူးဧည့်သည်များ ရောက်ရှိအနားယူနိုင်ရန်အတွက် ဇရပ်၊ ဘုရားကျောင်းအဝင်မှ လှိုဏ်ဂူအထိ ကွန်ကရစ် လမ်းခင်းရန်၊ လုဒ်သခင်မ လှိုဏ်ဂူတော် တစ်ဝိုက်တွင် အရပ် (၁၄)ရပ် ပြုလုပ်ရန်နှင့် တောင်ပတ်လမ်း တစ်လျှောက်တွင် ကွန်ကရစ် လမ်းခင်း၍ အရိပ်ရသစ်ပင်များ စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ရာ လိုအပ်သော ရန်ပုံငွေများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနိကဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ရန်ပုံငွေများအား ဘတ်ဂျက်တွင် ထည့်သွင်းလျာထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လုဒ်သခင်မ လိုဏ်ဂူတော်သို့ တက်ရောက် ကြည့်ရှုလေ့လာကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ယူဆမိုဆိုကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာရေရှိရေး လုပ်ငန်းများ၊ ကျေးရွာကုန်ထုတ်လမ်း အရှည် ၈၀၅၀ ပေ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက်မှုတွင် ဂါလန်(၂၃၀၀၀)ဆန့် ရေစုကန်အား ရေသိုလှောင်မှုစနစ်များ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သော ရန်ပုံငွေများ လျာထားတင်ပြကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)