ပွင့်ဖြူ ၉ ဖေဖော်ဝါရီ
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပညာအလယ်တန်းအဆင့် ကဗျာရေးနည်းပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ၊ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဆုပေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော် လူကောင်းများ ဖြစ်လာစေရန်အတွက် ပြိုင်ပွဲများ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆို ကြသည့် ကျောင်းသားကျောင်းသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ၊ အနာဂတ်တွင် နိုင်ငံအတွက် ဦးဆောင်ဦးရွက် ပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်အောင် ကျောင်းစာကို ကြိုးစားသင်ယူသွားကြစေလိုကြောင်းနှင့် လူတိုင်းလူတိုင်းတွင် ရှိနေသော ပင်ကိုယ်ဉာဏ်ရည်များကို ပိုမိုထက်မြက်လာစေရန်အတွက် အားလပ်ချိန်များတွင် ပြင်ပအသိပညာကြွယ်ဝစေမည့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပြုလုပ်ကာ စာများများ ဖတ်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ကဗျာရေးနည်းပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)