နေပြည်တော် ၉ ဖေဖော်ဝါရီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီဌာန လက်အောက်ရှိ မန္တလာ ဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ(Bachelor of Tourism and Hospitality Management-BTHM) ဘာသာရပ် ပထမနှစ် ကျောင်းသား ကျောင်းသူ(၈၀)နှင့် ကြီးကြပ်သူဆရာ/ဆရာမ (၅)ဦးတို့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး ကျောက်စိမ်းခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရည်အသွေးပြည့်ဝ သည့် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ် နှင့်မန္တလေးမြို့တွင် မန္တလာဒီဂရီကောလိပ်တို့တွင် ဝိဇ္ဇာဘွဲ့(ခရီးသွားလုပ်ငန်း)B.A (Tourism) ကို စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ပညာသင်နှစ်ထိ(၈)နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုပညာ ဘာသာရပ်များကို လေ့လာဆည်းပူးပြီး (၄)နှစ်တာ ကာလအတွင်း လေ့ကျင့်ပေးခဲ့သည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းတွင် အကျိုးပြုအသုံးချနိုင်မည့် ပုဂ္ဂိုလ်များဖြစ်ရန်၊ နိုင်ငံ၏အနာဂတ် ခရီးသွား လုပ်ငန်းကဏ္ဍအတွက် ထိရောက်စွာ အကျိုးပြုနိုင်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာရှင်များ၊ အတတ်ပညာရှင်များအဖြစ် ပေါ်ထွန်းလာစေရန်နှင့် မိမိတို့ဝန်ကြီး ဌာနနှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျရာတာဝန်ကို ပါဝင်ထမ်းဆောင်နိုင်ကြပြီး ခရီးသွားလုပ်ငန်း၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်အောင် ကြိုးပမ်းသွားကြပါရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မန္တလာဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး၊ ဒေါက်တာစိန်စိန်အောင်က ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုဆိုင်ရာပညာရပ် သင်ကြားမွေးထုတ်နေခြင်း နှင့် လေ့လာရေးခရီးစဉ်အကြောင်း ကိုလည်းကောင်း၊ Digital Marketing တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ကျော်လွင်က ဝန်ကြီးဌာနမှ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ နီပေါနိုင်ငံအခြေစိုက် The Last Resort မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်မောင်ဝင်းက နီပေါနိုင်ငံ တွင် Bungee Jumping အားကစားနည်းဖြင့် ကမ္ဘာလည့်ခရီးသွားများကို ဝန်ဆောင်မှု ပေးနေသော အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းအုပ်ဆရာမကြီး၊ The Last Resort မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ပြီး ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသား(၁)ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)