၉ ဖေဖော်ဝါရီ

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း အဝေးကွင်း၌ နိုင်ပွဲရရှိခဲ့သည်။

မန္တလာသီရိကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ရာသီအစတွင် အဝေးကွင်းပွဲများ ဆက်တိုက်ကစားနေရသော်လည်း အနည်းငယ်ရုန်းကန်နေရသော်လည်း ငါးပွဲတွင် တတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းမှာမူ ရာသီအစ ပထမဆုံးပွဲတွင် အနိုင်ရပြီးနောက်ပိုင်း လေးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ယခုပွဲတွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း သုံးဂိုးပြန်ပေးခဲ့ရပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် အောင်သူ၊ လှိုင်းဘိုဘို၊ သက်နိုင်၊ စည်သူအောင် စသည့်အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းတွင်မူ ကိသ်မာတူနာ၊ ဆက်ဖြိုးဝေနှင့် ရဲမင်းသူတို့ ဒဏ်ရာရနေသောကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ ပွဲအစ ၂ မိနစ်မှာပင် ရတနာပုံအသင်း ဂိုးစတင်ရရှိခဲ့ပြီး အောင်သူက သွင်းယူခဲ့သည်။ ပွဲအစမှာပင် ဂိုးစတင်ရရှိခဲ့သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ဂိုးသွင်းခွင့်များ အပြန်အလှန်ရရှိခဲ့သည်။ ၃၇ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရခဲ့ပြီး ပယ်နယ်တီမှတစ်ဆင့် ဒေးဗစ်ဒန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်မူ ရှမ်းယူနိုက်တက်အသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး ပထမပိုင်းထက်ကစားပုံပိုကောင်းကာ ဖိကစားနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်မိနစ်အတွင်း အနိုင်ဂိုးနှစ်ဂိုးသွင်းယူခဲ့ပြီး ၅၂ မိနစ်တွင် နန္ဒကျော်၊ ၅၄ မိနစ်တွင် ဒန်နီရယ်လ်တို့က သွင်းယူခဲ့သည်။ နန္ဒကျော်သည် ပယ်နယ်တီဧရိယာစည်းထိပ်နား၌ရရှိသည့် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် လက်ကျန်မိနစ် ၃၀ ကျော်တွင် ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်အားနည်းခဲ့၍ ဂိုးထပ်မရခဲ့ခြင်းဖြစ်သည်။


ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ပွဲစဉ် (၅) အပြီးတွင် ဟံသာဝတီ အသင်းက ၁၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်နှင့် ဧရာဝတီအသင်းက ၁၃ မှတ်စီ၊ ရခိုင်အသင်းက ၁၀ မှတ်၊ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ကိုးမှတ်၊ စစ်ကိုင်းအသင်းက ခုနစ်မှတ်၊ ရတနာပုံနှင့် မကွေးအသင်းက ငါးမှတ်စီ၊ ချင်းယူနိုက်တက်အသင်းက လေးမှတ်၊ အားကာသိပ္ပံအသင်းက သုံးမှတ်၊ ဇွဲကပင်အသင်းက တစ်မှတ်ရထားပြီး Southern အသင်းမှာမူ ငါးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

ညီမြတ်သော်တာ