ရန်ကုန် ၉ ဖေဖော်ဝါရီ
မြန်မာ-ဂျပန်အသင်း (MJA) သည် မြန်မာနိုင်ငံတက္ကသိုလ် (၈) ခုမှ ပညာရည်ထူးချွန်ပြီး တက္ကသိုလ် ပညာသင်စရိတ် အခက်အခဲရှိသော ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့် နိုင်ရေးအတွက် “မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအစီအစဉ်-၂၀၂၀” အဖြစ် အဆိုပြုလွှာများ ခေါ်ယူခဲ့သည်။
တက္ကသိုလ်အသီးသီးမှ ပဏာမ စိစစ်ပေးပို့လာသည့် တက္ကသိုလ်ပညာသင်ဆု အဆိုပြုလွှာများအား အသင်း၏ တက္ကသိုလ်ပညာသင်ဆု စိစစ်ရွေးချယ်ရေးကော်မတီသည် စိစစ်ပြီး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၈၂) ဦးအား အောက်ပါအတိုင်း တက္ကသိုလ်အလိုက် ပညာသင်ဆုရွေးချယ်ခဲ့ကြောင်း သိရသည်။ ပညာသင်ဆုရရှိသူ ကျောင်းသား/ကျောင်းသူ တစ်ဦးလျှင် (၂၀၂၀) စာသင်နှစ်အတွက် ကျပ် (၅) သိန်းစီ ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်သည်။
(၁) ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန်ဘာသာအဓိက) - ၁၅ ဦး
(၂) မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (ဂျပန်ဘာသာအဓိက) - ၁၅ ဦး
(၃) ပညာရေးတက္ကသိုလ် (ရန်ကုန်) - ၁၅ ဦး
(၄) ပညာရေးတက္ကသိုလ် (စစ်ကိုင်း) - ၁၀ ဦး
(၅) စီးပွားရေးတက္ကသိုလ် (ရန်ကုန်) - ၁၀ ဦး
(၆) နည်းပညာတက္ကသိုလ် (ရန်ကုန်) - ၇ ဦး
(၇) ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) - ၅ ဦး
(၈) သူနာပြုတက္ကသိုလ် (ရန်ကုန်) - ၅ ဦး
ပညာသင်ဆုရ ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ခြင်း အခမ်းအနား ကို ရန်ကုန်မြို့၊ အင်းယားလမ်း၊ စိမ်းလန်းစိုပြည်ဂါဒင်းတွင် (၉-၂-၂၀၂၀) ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ နှင့် အသင်းအလုပ်အမှုဆောင်များ၊ သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု (၂၀၁၄-၂၀၁၈) ရ ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်းမှ အသင်း၏ တက္ကသိုလ်ပညာသင်ဆု ပေးအပ်ချီးမြှင့်ရသည့် ရည်ရွယ်ချက်နှင့် အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်နယ်မြေ တက္ကသိုလ် (၆) ခုမှ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား/ကျောင်းသူ (၅၇) ဦးအတွက် ပထမအရစ်ပညာသင် ထောက်ပံ့ကြေး ငွေ (၁၇၁) သိန်းအား ကျောင်းသား/ကျောင်းသူများသို့ တစ်ဦးချင်းပေးအပ်ခဲ့သည်။ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ တက္ကသိုလ်ပညာသင်ဆုရ ကျောင်းသား/ကျောင်းသူ (၂၅) ဦးအတွက် ပထမအရစ်ပညာသင်ထောက်ပံ့ကြေးငွေ (၇၅) သိန်းအား (၈-၂-၂၀၂၀) ရက်နေ့တွင် မန္တလေးမြို့ LINK 78 Hotel ၌ အသင်းဥက္ကဋ္ဌနှင့်အဖွဲ့မှ လက်ရောက်တစ်ဦးချင်း ပေးအပ်ခဲ့သည်။ ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆိုအောင်မြင်ပြီးချိန်တွင် ဒုတိယအရစ်ပညာသင်ထောက်ပံ့ကြေးငွေ ကျပ် (၂)သိန်းစီအား ဆက်လက် ပေးအပ်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားတွင် “မြန်မာ-ဂျပန်သင်း၏ ပညာရည်ထူးချွန်ဆု (၂၀၁၄-၂၀၁၈) ရ ကျောင်းသား/ကျောင်းသူဟောင်း” (၅၂) ဦးလည်း တက်ရောက်ခဲ့ပြီး “MJA Students Reunion Tour – 2019” အတွက် “Personal and Professional Development ” ခေါင်းစဉ်ဖြင့် တစ်ဦးချင်းအစီရင်ခံတင်သွင်းမှုအပေါ် အကောင်းဆုံးဆုရရှိသည့် ကျောင်းသား/ကျောင်းသူ (၅) ဦးအား အသင်း တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့သည်။
ရန်ကုန်မြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ဂျပန်နိုင်ငံ၊ ဖူကူအိုကာ မြို့တွင် ပြုလုပ်မည့် “နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ ၂၀၂၀” (BRIDGE Summer Camp – 2020, Japan) သို့ Junior Ambassador အဖြစ် ပါဝင်တက်ရောက်ရန် မြန်မာ-ဂျပန်အသင်းမှ ဦးစီးတာဝန်ယူရွေးချယ်ပေးခဲ့ သည့် ကျောင်းသား (၂) ဦးနှင့် ကျောင်းသူ (၂)ဦး၊ ပေါင်း (၄) ဦးတို့အား မြန်မာ-ဂျပန်အသင်း တာဝန်ရှိသူများမှ ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာ-ဂျပန်အသင်းဥက္ကဋ္ဌ၊ ဦးစောလှမင်း၏ “ကျွန်တော်၏ သံတမန်ခရီး” စာအုပ် များအား တက္ကသိုလ် (၈)ခုမှ စာကြည့်တိုက်များအတွက် သက်ဆိုင်ရာတက္ကသိုလ် ကိုယ်စားလှယ်များထံသို့ စာရေးသူကိုယ်တိုင်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)