၉ ဖေဖော်ဝါရီ
မြန်မာ ယူ-၂၁ အသင်းသည် ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပြီး မတ်လလယ်တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်သည်။
(၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှ စတင်ကျင်းပမည်ဖြစ်သော်လည်း မြန်မာအသင်းအနေဖြင့် အချိန်ယူပြင်ဆင်ခြင်းဖြစ်ပြီး ကစားသမားများ၏ ခြေစွမ်းကို သိရှိနိုင်ရန် ကြိုတင်လေ့ကျင့်ခြင်းဖြစ်သည်။ လာမည့်နှစ်မှ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မြန်မာလူငယ်အသင်းကို ယူ-၂၁ ကစားသမားများဖြင့် ဖွဲ့စည်းခြင်းဖြစ်ပြီး ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ကစားသမားအနည်းငယ်သာ ပြန်ပါလာမည်ဖြစ်ပြီး ကစားသမားသစ်များဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၁ အသင်းနည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးမည်ဖြစ်သောကြောင့် ပိုပေါ့ဗ်နှင့် လက်ထောက်နည်းပြများဖြစ်သည့် ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်းတို့သည် လိဂ်ပွဲအားလုံးကို လိုက်လံကြည့်ရှုကာ ကစားသမားများ ရွေးချယ်လျက်ရှိသည်။ မြန်မာ ယူ-၂၁ အသင်းကို ကစားသမား ၃၀ ကျော်ဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး MNL ပြိုင်ပွဲရပ်နားသည့် ကာလများတွင် ကာလတိုလေ့ကျင့်မှုများပြုလုပ်မည်ဖြစ်သည်။ ကစားသမားများ၏ လေ့ကျင့်မှုအပေါ် မူတည်၍ အပြောင်းအလဲပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီနှင့် နည်းပြချုပ်ပိုပေါ့ဗ်တို့ ဆက်လက်ညိနှိုင်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းသည် နိုင်ငံတကာပြိုင်ပွဲများ လတ်တလောယှဉ်ပြိုင်ရန် မရှိသော်လည်း နှစ်ကုန်ပိုင်းတွင် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာအသင်းသည် ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရခဲ့ပြီး ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်