၉ ဖေဖော်ဝါရီ

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲသာလိုတော့ပြီး ချန်ပီယံဆုအတွက် VUC နှင့် MIU အသင်းတို့ အပြိုင်ဖြစ်လာသည်။

ပွဲစဉ် (၂၀) အပြီး အနေအထားအရ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့်အသင်းများအနက် VUC နှင့် MIU နိုင်ပွဲဆက်ပြီး GV အသင်းမှာမူ ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ချန်ပီယံဆုအတွက် နှစ်သင်းသာ ကျန်ရှိတော့ပြီး GV အသင်း၏ ချန်ပီယံဆုမျှော်လင့်ချက်အဆုံးသတ်ကာ တတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။  ပွဲစဉ် (၂၀) အပြီးတွင် VUC နှင့် MIU အသင်းတို့ ၅၈ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်နေကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏နောက်တွင် GV အသင်းက ၅၁ မှတ်၊ On Doctor အသင်းက ၃၃ မှတ်၊ Winner အသင်းက ရမှတ် ၃၀၊ မြို့မ JY အသင်းက ၂၇ မှတ်၊ MFF ယူ-၁၉ အသင်းက ၂၅ မှတ်၊ Do Do Ko Ko အသင်းက ၂၃ မှတ်၊ Dream Team က ၂၂ မှတ်၊ AMM Brothers အသင်းက ၁၁ မှတ်၊ ဖူဆယ်ချစ်သူအသင်းက ခုနစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်ရရှိထားသည်။

ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသည့် ပွဲစဉ် (၂၀) တွင် VUC အသင်းက GV အသင်းကို နှစ်ဂိုး-တစ်ဂိုး၊  လက်ရှိချန်ပီယံ MIU အသင်းက  မြို့မ JY အသင်းကို ၁၀ ဂိုး-နှစ်ဂိုး၊  MFF ယူ-၁၉ အသင်းက AMM Brothers အသင်းကို ငါးဂိုး-သုံးဂိုး၊ ဖူဆယ်ချစ်သူအသင်းက လက်ဝဲသုန္ဒရအသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး Winner အသင်းနှင့် On Doctor အသင်းတို့ တစ်ဂိုးစီသရေ၊ Dream Team နှင့် Do Do Ko Ko အသင်းတို့ ငါးဂိုးစီသရေကျခဲ့သည်။

သတင်း-ရဲရင့်ရှိုင်း