နေပြည်တော်  ၉  ဖေဖော်ဝါရီ 

 

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ် နေပြည်တော် ရေပန်းဥယျာဉ်၌ ပန်းပွဲတော်နှင့် ဖျော်ဖြေပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ မတ်လ ၃၁ ရက်အထိ တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်တွင် ပထမအကြိမ်ကျင်းပမည့် ပန်းပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ပန်းအလှပြင်ဆင်မှုများနှင့်ပတ်သက်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Sun Myat Tun Construction Group co.,Ltd မှ  မန်နေဂျာဒေါ်နုနုဝင်းက “ ပထမအကြိမ် ကျင်းပတဲ့ ပန်းပွဲတော်ကို စည်ကားအောင်မြင် စွာ ကျင်းပနိုင်ဖို့အတွက် ပန်းပျိုးပင်မျိုးစိတ်ပေါင်းသုံးဆယ်ကျော်နဲ့ အပင်ပေါင်း နှစ်သိန်း ကျော်ကိုစိုက်ပျိုးထားပါတယ်။ ကလေးတွေ ပျော်ရွှင်စွာ ကစားနိုင်ဖို့ ကလေးကစား ကွင်းပါဝင်ပါမယ်။ ချစ်သူများနေ့မှာ ဖွင့်မှာဆိုတော့ လာရောက်လည်ပတ်တဲ့ ချစ်သူစုံတွဲတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ရမယ့် နေရာတွေပါဝင်မှာဖြစ်ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တွေလည်း ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။ ပြည်သူအားလုံးကို ပွဲတော်ကာလအတွင်း လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်”  ဟုပြောသည်။

 

နေပြည်တော်ရေပန်းဥယျာဉ် ပန်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များက ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီမှစတင်၍ ည ၁၁ နာရီအထိ သီဆိုဖျော်ဖြေ သွားကြမည်ဖြစ်ပြီး Myanmar Idol မှ တေးသံရှင်များက မတ်လ ၃၁ ရက်အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အခမဲ့ သီဆိုဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပန်းပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသူများအနေဖြင့် နေပြည်တော် ရေပန်းဥယျာဉ် ပုံမှန်ဝင်ကြေးဖြစ်သည့် လူကြီး၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၁၅၀၀ သာကျသင့်မည်ဖြစ်ပြီး (၅) နှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ပန်းပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်သူများ အစားအသောက် အခက်အခဲမရှိစေရန် စားသောက်ဆိုင်ခန်းများကိုလည်း ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

နေပြည်တော်ရေပန်းဥယျာဉ်အတွင်း လာရောက်လည်ပတ်နေသည့် နေပြည်တော် ကံ့ကော်အိမ်ရာမှ မဟန်နီစိုးက “ကျွန်မတို့အဖွဲ့က ဝန်ထမ်းတွေပါ။ ပန်းပွဲတော်မတိုင်မီ ထူးခြားတဲ့ပန်းပြင်ဆင်မှုတွေကို ကြည့်ချင်တာနဲ့ လာရောက်လည်ပတ်တာဖြစ်ပါတယ်။ နိုင်ငံကျော်တေးသံရှင်တွေလည်း ဖျော်ဖြေကြမှာ ဖြစ်ပြီး ပထမအကြိမ် ကျင်းပတဲ့ ပန်းပွဲတော်ဆိုတော့ လာရောက်သူတွေများမယ်ထင်ပါတယ်။ ပွဲတော်မှာ မြင်တွေ့ရမယ့် အလှအပရှုခင်းတွေကို ကြိုတင်မြင်ယောင်ပြီး ရန်ခုန်မိပါတယ်” ဟု ပန်းပွဲတော်နှင့် ပတ်သက်၍ ၎င်း၏ အမြင်ကိုပြောသည်။

 

ပထမအကြိမ် ပန်းပွဲတော်နှင့် ဖျော်ဖြေပွဲများကို နေပြည်တော်ရှိ ဝန်းထမ်းများနှင့် ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအပြင် ပြည်ပခရီးသွားဧည့်သည်များပါ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော်ရေပန်းဥယျာဉ်ကို ပြည်သူများအပန်းဖြေနားနေနိုင်ရန်နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။    

သတင်းနှင့်ဓာတ်ပုံ - ဟိန်းမင်းစိုး