မိတ္ထီလာ  ၁ဝ  ဖေဖော်ဝါရီ

 

မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး   လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်   ဗိုလ်ချုပ်အောင်ဆန်း (၁ဝ၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့်     စာအုပ်ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ၁ဝ ရက်နေ့နံနက် ၉နာရီ အချိန်က စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပကြောင်းသိရသည်။

 

ရှေးဦးစွာ အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေ ၊ မြို့နယ်ကိုယ်ပိုင်ကျောင်း များ အသင်းဥက္ကဋ္ဌ ဦးကျော်တင့်နှင့် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးထွန်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ၊ ကျောင်းသား/ ကျောင်းသူများနှင့် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ လာရောက်လေ့လာ ဝယ်ယူသူများ က စာအုပ်စာပေအရောင်းဆိုင်များမှ ခင်းကျင်းပြသရောင်းချသည့် သုတရသစာအုပ်များကို လှည့်ပတ်ကြည့်ရှု့ပြီး ဝယ်ယူအားပေးကြသည်။

 

စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင်  သုခဘုံစာပေတိုက် မှ စာအုပ်စာစောင် အရောင်းဆိုင်ပေါင်း ၃ဝ ဖွင့်လှစ်ပြီး သုတရသစာပေများ၊ ကလေးစာပေများနှင့် စာအုပ်မျိုးစုံကို ဈေးနှုန်း ချိုသာစွာ ဖွင့်လှစ်ရောင်းချပေးသည်။

 

လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၅)   နှစ်ပြည့်   မွေးနေ့အထိမ်းအမှတ် ကျင်းပ သည့် အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်နှင့်အတူ      Fame ကိုယ်ပိုင်ကျောင်း၏ Robot Projrct Show  ၊ သာစည်မြို့နယ် စာကြည့်တိုက်များ ဖောင်းဒေးရှင်း၏ အသံထွက် စာဖတ်ခြင်း အစီအစဉ်များလည်း ပါဝင်ပြီး သင်ထောက်ကူပစ္စည်း အရောင်းဆိုင်ကိုလည်း ဖွင့်လှစ်ရောင်းချ ပေးကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်  ပြည်သူ့စကားဝိုင်း၊ ရသစာပေ ပြိုင်ပွဲ၊ စကားပုံဆက်၊ ပုံပြင်ပြောပွဲပြိုင်ပွဲ၊အရုပ်ဆက်၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲ ၊ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ ၊ အင်္ဂလိပ်-မြန်မာ ဘာသာပြန်ပြိုင်ပွဲများနှင့်    ပျော်ပွဲရွှင်ပွဲများကို လည်း ခရိုင်ပြန်/ဆက်ရုံးတွင် ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှ ၁၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်အား  ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

 

မိတ္ထီလာတွင် အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်၊ ပြိုင်ပွဲပြပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကိုယ်ပိုင်ကျောင်းများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့်  ဒေသခံစေတနာရှင် အလှူရှင်များက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

 

ချမ်းသာ ( မိတ္ထီလာ)